
ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးအား ရက္ခိုင့်တပ်တော် (အေအေ) က ဇွန် ၂ဝ ရက် ညနေ ၆ နာရီလောက်မှာ ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်ရှိ ဘောလုံးကွင်းအနီးမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဟုတ်တယ်။ ရဲတပ်ဖွဲ့ဝင် သုံးဦးကို စောစောကဖမ်းသွားကြတာ။ အခုလက်ရှိ အနေအထားအရ စစ်ကောင်စီတပ်တွေကို အေအေက ဖမ်း။ အေအေ အဖွဲ့ဝင်တွေကို စစ်ကောင်စီက ဖမ်းတဲ့ သဘောမျိုး ဖြစ်လာနေကြတယ်” လို့ မြောက်ဦးဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံရတာက ကျောက်တော်မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအုပ် ၁ ဦး၊ ရဲတပ်ကြပ်ကြီး ၁ ဦးနဲ့ ရဲတပ်သား ၁ ဦးတို့ဖြစ်တယ်လို့ ကျောက်တော်ဒေသခံဦးက ပြောပါတယ်။
အလားတူ ဇွန် ၁၆ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့ရှိ ဆောက်လုပ်ရေးစ္စည်း အရောင်ဆိုင်ပိုင်ရှင် အပါအဝင် ဒေသခံ ၁၀ ကျော်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၁၇ ရက်ကလည်း မြောက်ဦးမြို့နယ် တိန်ညိုရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၄ဝ အရွယ် ရဲတပ်ဖွဲ့ဝင် ၁ ဦးကို အေအေ က ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဇွန် ၁၁ ရက်မှ ဇွန်လ ၂ဝ ရက်အထိ ၁ဝ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို AA က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။