
ကချင်ပြည်နယ် ဖားကန့်မြို့ မှော်စီစာကျေးရွာမှာ ဇွန် ၁၉ ရက် ညပိုင်းက သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရွာသားသုံးဦးကို တွေ့ရှိခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
သေဆုံးနေသူတွေဟာ ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ခံထားရပြီး လက်ကို နောက်ပြန်ကြိုးတုပ်ကာ မျက်နှာကို အဝတ်စည်းထားတဲ့အနေထားနဲ့ သေဆုံးနေကြတာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
အဲဒီလို သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရွာသား သုံးဦးရဲ့အလောင်းတွေကို မှော်စီစာကျေးရွာဆိုင်းဘုတ်နားမှာ လာရောက်စွန့်ပစ်ခဲ့တာဖြစ်ပြီး သက်ဆိုင်ရာက အဲဒီအလောင်းတွေကို ဇွန် ၂၀ ရက်နေ့ မနက်ပိုင်းမှာ ဖားကန့် ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
သေဆုံးသွားသူတွေက တောမှော်ကျေးရွာ၊ ဆိုင်းရာ ရွာသစ်နဲ့ မားဆားကျေးရွာတို့က ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၃၁ ရက်နေ့ကလည်း ဖားကန့်မြို့နယ်ထဲက မက်လင်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အပေါင်းပါလေးဦးကို အခုလို ပုံစံတူ သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုကတော့ ဒုတိယအကြိမ်ဖြစ်ပွားတာလည်းဖြစ်ပါတယ်။
အခုလို သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ ဒီဗွီဘီ အနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။