DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်နှင့် အမြဲတမ်း လက်တွဲဆောင်ရွက်သွားမည်ဟု DKBA ပြော
DVB
·
June 20, 2022
စစ်ကောင်စီတပ်နှင့် အမြဲတမ်း လက်တွဲဆောင်ရွက်သွားမည်ဟု  DKBA ပြော
1 / 7
Donate to DVB

ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) အနေနဲ့ စစ်ကောင်စီတပ်နဲ့  အမြဲတမ်းလက်တွဲ ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

DKBA စစ်ဦးစီးချုပ် စောစတီး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၉ ရက်က နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တာလို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

တွေ့ဆုံရာမှာ DKBA နဲ့ တပ်မတော်နှင့် အမြဲတမ်းလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပတ်သက်လို့ သဘောထားအမြင်တွေ ဆွေးနွေးခဲ့သလို ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စတွေ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကလည်း တွေ့ဆုံဆွေးနွေးရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေ၊ ဒေသတစ်ခုချင်းနဲ့  တိုင်းပြည် အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ပွင့်လင်းစွာဖြင့် အကြေအလည် ဆွေးနွေးသွားမှာဖြစ်လို့ အမြင်ကျယ်ကျယ်နဲ့ ဆွေးနွေးကြစေလိုကြောင်း၊ ပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီတဲ့ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်တွေ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်တွေကို  ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဆွေးနွေးပွဲကို ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ဘက်ကတော့ စစ်ဦးစီးချုပ်စောစတီးနဲ့အတူ စစ်ရေးချုပ် စောစိန်ဝင်းနဲ့ ဆက်ဆံရေး ဌာနမှူး စောကျော်သန်းဌေးတို့ တက်ရောက်ကြပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီ လက်အောက်ခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ရှိပါတယ်။ 

ဒုတိယဥက္ကဋ္ဌ(၁) ခွန်ထွန်းတင်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၅ ရက်က နေပြည်တော်ကို ရောက်ရှိလာတာဖြစ်ပြီး နောက်နေ့တွေမှလည်း စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးဖို့ရှိနေပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့  အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ၂၂ ရက်မှာစတင်ဖိတ်ခေါ် ထားတာဖြစ်ပြီး လက်နက်ကိုင် ၁၀ ဖွဲ့က တက်ရောက်မယ်လို့ စာရင်းပေးထားတဲ့အထဲ ၇  ဖွဲ့နဲ့တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

တွေ့ဆုံပြီးတဲ့ အဖွဲ့တွေကတော့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA-PC နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့ဖြစ်ပါတယ်။ 

အဆိုပါအဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားတာမရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ပြီး လက်ရှိစစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေကြတဲ့ KNU၊ KIO အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ သွားရောက် တွေ့ဆုံတာ မရှိပါဘူး။

မတွေ့ဆုံရသေးတဲ့အဖွဲ့တွေအနေနဲ့ ဆွေးနွေးပွဲလာချင်ရင် လာနိုင်အောင် ထပ်မံဖိတ်ခေါ်ထားတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

Photo- CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013