ဂန့်ဂေါမြို့နယ်၌ ဗုံးသီးကို ဆော့ကစားစဉ် ပေါက်ကွဲပြီး စစ်ဘေးရှောင်ကလေးငယ် ၂ ဦး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ဇွန် ၁၉ ရက်က ကျောက်ဂူတောရတောင်ဘက် တောတွင်းတနေရာမှာ စစ်ဘေးရှောင်နေကြတဲ့ ကလေးငယ် နှစ်ယောက် ၄၀ မမ အမျိုးအစား ဗုံးသီးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်တွေဟာ အသက် ၇ နှစ်အရွယ် မောင်ပြည့်စုံမောင်နဲ့ မောင်မင်းထွဋ်ဇော်တို့ ဖြစ်ကြပါတယ်။

‌ဒေသခံတစ်ဦးက "ကလေးတစ်ယောက်က ဗုံးသီးကိုတွေ့တာ။ သူ့အဖေက မဆော့နဲ့ အန္တရာယ်ရှိတယ်ပြောလို့ မဆော့ဘဲ တခြားနေရာမှာထားလိုက်တာ။ အဲဒါကို ဆုံးသွားတဲ့ ကလေးနှစ်ယောက်က မြင်ပြီး ဆော့ကြတာ။ ဗုံးသီးက ၄၀မမ ဗုံးသီးအမျိုးအစား၊ ကလေးတွေကဆော့ရင်း ‌ဗုံးသီးကို ကျောက်ခဲနဲ့ ထုလိုက်တယ်လို့ပြောကြတယ်။ အဲဒါမှာ ဗုံးသီးက ပေါက်ကွဲပြီး ကလေးနှစ်ယောက်လုံး ပွဲချင်းပြီး ဆုံးသွားတာ"လို့ ဒီဗွီဘီကိုပြောပါတယ်။

မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီ စစ်ကြောင်းတလျှောက် တောတွေ၊ ကျေးရွာတွေ အတွင်းမှာ ရည်ရွယ်ချက်ရှိရှိချန်ထားခဲ့သည်ဖြစ်စေ၊ ကျန်ရစ်ခဲ့သည်ဖြစ်စေ၊  ပစ်ခတ်လို့ မပေါက်ကွဲတာဖြစ်စေ ကျန်ရစ်ခဲ့တဲ့ ဗုံးသီးတွေနဲ့ အန္တရာယ်ရှိ ပစ္စည်းတွေ တွေ့ရှိပါက ကိုင်တွယ်တာမလုပ်ဖို့နဲ့ မိဘတွေအနေနဲ့ မိမိတို့ရဲ့ ကလေးတွေကို  အခုလို မလုပ်ရန် အထူးမှာကြားထားဖို့ ဂန့်ဂေါ PDF က ထုတ်ပြန်ထားပါတယ်။

//
More News
Up