
မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်ရပ်ကွက်မှာ ဇွန် ၂၀ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ် လုံခြုံရေးချပြီး လမ်းတွေပိတ်ဆို့ကာ အိမ်ထောင်စုစာရင်း တိုက်စစ် ဖမ်းဆီးခဲ့တဲ့အတွက် ရပ်ကွက်နေပြည်သူ ၁၄ ယောက် ဝန်းကျင် ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မြို့ အနောက်ပိုင်း ကံဦးဘုန်းကြီးကျောင်းထိပ်ကနေစပြီး ကျပ်ပြင် နာရီစင်အထိ အင်အားအများအပြားနဲ့ ပိတ်ဆို့ စစ်ဆေးဖမ်းဆီးတာကြောင့် ရပ်ကွက်နေပြည်သူတွေ နေအိမ် အပြင် မထွက်ရဲကြတော့ဘူးလို့ ဆိုပါတယ်။
CDM ဝန်ထမ်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေရင်း ဖမ်းခံရတဲ့သူတွေလည်းရှိပြီး အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးနေကာ လက်ရှိ ရဲစခန်းမှာ ထားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကလည်း မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ဈေး အထက ခွဲကျောင်း နဲ့ အထက်တန်းကျောင်းတွေမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗုံးပေါက်ကွဲတဲ့နေရာအနီးက ရပ်ကွက်ထဲကို အင်အားသုံးစစ်ဆေးခဲ့ကာ ဒေသခံနှစ်ယောက်ကို ဖမ်းဆီးခေါ်သွားတယ်လို့လည်း သိရပါတယ်။