Home
မြန်မာသတင်း
‘ဝ’ လူငယ် ၁ ဦးအပေါ် ချမှတ်ထားသည့် သေဒဏ် ပြန်ရုပ်သိမ်းပေးရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တောင်းဆို
DVB
·
June 20, 2022

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်ထောက်ခံပွဲအတွင်း ဗုံးခွဲခံရတာနဲ့ပတ်သက်လို့ ‘ဝ’ လူငယ်တယောက်ကို စစ်ကောင်စီတရားရုံးက သေဒဏ်အမိန့် ချမှတ်ထားတဲ့အပေါ် ပြန်ရုပ်သိမ်းပေးဖို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ တောင်းဆိုလိုက်ပါတယ်။ 

အသက် ၂၄ နှစ်အရွယ် အိုက်ဆိုင်မိန်းဟာ ထောင်ထဲမှာ ၄ လကြာ ဖမ်းဆီးခံထားရပြီးနောက်  အကြမ်းဖက်ဥပဒေပုဒ်မ ၅၄ နဲ့ ရာဇဝတ်မှုဥပဒေ ၃၆၁/၁ အရ သေဒဏ်ချခံထားရတာဖြစ်ပါတယ်။ 

အိုက်ဆိုင်မိန်းဟာ ပေါက်ကွဲတဲ့နေရာနားမှာ ဆိုင်ကယ်စီးပြီး ဖြတ်သွားတာကို စီစီကင်မရာမှတ်တမ်းမှာ တွေ့တယ်လို့ စကစထောက်လှမ်းရေးက  ပြောတဲ့အကြောင်းနဲ့ သူ့ကိုပြင်းထန်စွာ ရိုက်နှက်ကာ ဝန်ခံဖို့ အတင်းအကျပ် ဖိအားပေးခဲ့ကြောင်း၊ သူဟာ သတိလစ်သွားတဲ့ထိ တစ်ပတ်ကျော် နှိပ်စက်ခံရလို့ အပြစ်ရှိကြောင်း ဝန်ခံလိုက်ရတာလို့ ထောင်ထဲကနေ ပြန်လွတ်လာသူတွေက ပြောပြပါတယ်။ 

အိုက်ဆိုင်မိန်းဟာ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့ကဖြစ်ပြီး နီးစပ်သူတွေပြောပြ ချက် အရ သူဟာ သာမန်ရွှေ့ပြောင်းအလုပ်သမား တယောက်ဖြစ်ကာ ဘယ်နိုင်ငံရေးအဖွဲ့အစည်းနဲ့မှလည်း  မပတ်သက်၊ မြန်မာစကားလည်း ကျွမ်းကျင်မှုမရှိဘူးလို့ ဆိုပါတယ်။ 

အိုက်ဆိုင်မိန်း ပြန်လွတ်မြောက်ဖို့အတွက် မိသားစုနဲ့သူငယ်ချင်းတွေက အယူခံဝင်ပေးဖို့ ကြိုးစားနေပြီး  အိုက်ဆိုင်မိန်းအပေါ် သေဒဏ်စီရင်ချက်ချထားတဲ့အပေါ် ပြန်ရုပ်သိမ်းဖို့နဲ့ ၊ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ SHRF ရှမ်းလူ့အခွင့်အရေးအဖွဲ့က   ဇွန် ၁၇ ရက်က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းတာ ၁ နှစ်ပြည့်တဲ့ ၂၀၂၂ ဖေဖော်ဝါရီလ ၁ ရက်နေ့က တာချီလိတ်မြို့မှာ စစ်တပ်ထောက်ခံပွဲချီတက်လာစဉ် မကာအိုခမ်းရပ်ကွက် မင်းလမ်းပေါ် ဗုံးပေါက်မှုကြောင့်ရော  စစ်တပ်က ရမ်းပစ်ခတ်တဲ့အတွက်ကြောင့်ပါ လူ ၄ ဦးသေဆုံးပြီး ၃၄ ဦးဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024