ကန့်ဘလူမြို့နယ်ကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်၊ ဒေသခံ ၅၀၀၀ ခန့် ထွက်ပြေးနေရ

မေလဆန်းပိုင်းက ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ် ဝင်ရောက်လာသဖြင့် ဒေသခံရွာသားများထွက်ပြေးခဲ့ကြရစဉ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်း နဲ့ ဇွန် ၁၀ ရက်ကနေ ဇွန် ၂၀ ရက် ဒီနေ့အထိ ထိုးစစ်ဆင်နေတာကြောင့် ပြည်သူအများအပြား နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အင်တာနက်လိုင်းနဲ့ ဖုန်လိုင်းတွေပါ ဖြတ်ထားတယ်လို့ အမည်မဖော်လိုတဲ့ကျေးရွာသားတဦးက ပြောပါတယ်။

“ပြေးနေရတာတော့ ၁၀ ရက်ရှိနေပြီဗျ။ သူတို့စစ်ကြောင်းထိုးလာပြီဆို သိသိသာသာ ဆက်သွယ်ရေး ဖုန်းလိုင်းတွေ အကုန်ပျက်ကုန်တယ်။ ဘယ်ရွာတွေ ပြေးနေရတာလဲဆိုတော့ ကျနော်တို့ ကန်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်ကြားက ကျေးရွာပေါင်း ၁၂ ရွာကတော့ လက်ရှိအချိန်ထိ ပြေးနေရတယ်။” 

စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့်  ညောင်ကုန်းရွာ၊ ပလူသာ၊ မန်ကျည်းကုန်း၊ သရက်တော၊ တောင်ယာဆိပ်၊ ဘအင်း၊ ပေကုန်း၊ လယ်လှ၊ ကုက္ကိုလ်ကုန်း စတဲ့ကျေးရွာက ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

“ပြေးနေရတာတော့ ဒေသခံရွာသားတွေအများစုပဲဗျ။ မပြေးလို့လည်း မရဘူးလေဗျာ။ ဒီကောင်တွေက ရွာအနီးရောက်ပြီဆိုရင် လက်နက်ကြီးတွေနဲ့ ရွာထဲပစ်တော့တာပဲ။ အဲလိုဆိုတော့ မပြေးခြင်လည်း ပြေးရတယ်ပေါ့ဗျာ။ ဆက်သွယ်ရေးတွေကလည်း ဖြတ်တောက်ခံထားရတော့ ဒေသခံတွေရဲ့ အထိအခိုက် စာရင်းအတိကျကို မသိရသေးဘူး။ ရွာသားအချို့ စစ်ကောင်စီတပ်က ပစ်တဲ့ လက်နတ်ကြီးကျည် ထိမှန်တဲ့သူတွေလည်း ရှိနေတယ်လို့တော့ သတင်းတွေ ထွက်နေတယ်ဗျ။ ဒါပေမဲ့ အတည်ပြုမရသေးဘူး” လို့ ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ် ထိုးစစ်ကြောင့် ထွက်ပြေးနေကြရတဲ့ ၅၀၀၀ နီးပါးရှိမယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

//
More News
Up