ကသာမြို့နယ်၌ စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ပြည်သူ ၁ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲမှာ ပလွေရွှေကျေးရွာအုပ်စု၊ ပလွေရွှေ‌ကျေးရွာမှာ ဇွန် ၁၉ ရက် ညနေ ၂ နာရီလောက်က ဧရာဝတီမြစ်တွင်းခုတ်မောင်းသွားတဲ့ စစ်ကောင်စီတပ်ရဲ့ စက်လှေမော်တော်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူတယောက်  ထိခိုက်သေဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရွာခံတွေဆီကနေ သိရပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အသက်ဆုံးရှုံးသူဟာ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတယောက်ဖြစ်ပြီး  ဒဏ်ရာရရှိတဲ့သူဟာ အမျိုးသားတယောက်ဖြစ်တယ်လို့ သိရပါတယ်။

“စကစမော်တော်ပေါ်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျလို့ ပလွေရွှေရွာက ပြည်သူတစ်ဦး သေတယ်၊ တစ်ဦးဒဏ်ရာရတယ် ကြားတယ်။ ဒဏ်ရာရတဲ့သူကိုတော့ ကသာဆေးရုံကို ပို့ထားတယ်လို့ ကြားတယ်” ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်သား ၂၀၀ ဝန်းကျင်ဟာ မော်တော် ၃ စီးနဲ့ ကသာမြို့ကနေ မြစ်အရှေ့ခြမ်း ပလွေရွှေကျေးရွာဘက်ကို ကူးလာတဲ့အချိန် လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေ အင်အားအများအပြားနဲ့ ဧရာဝတီမြစ် အရှေ့ခြမ်းကို ကူးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်လာနိုင်လို့ ကသာမြို့နယ် မြစ်အ‌ရှေ့ခြမ်းရွာက ပြည်သူတွေ အမြန်စစ်ရှောင်ထားဖို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပန်ကြားထားပါတယ်။

ကသာမြို့နယ်ထဲမှာ ဇွန်လ ၁၇ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်သားတွေ အင်းရွာတိုက်နယ်နဲ့  ကသာမြို့အနီးမှာ တိုက်ပွဲနှစ်နေရာဖြစ်ပွားခဲ့ပြီး စစ်‌ကောင်စီတပ်သား ၄၀ ထက်မနည်း သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပါသေးတယ်။

//
More News
Up