DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲဝင်ရေး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် မရေရာသေး
DVB
·
March 27, 2014
ရွေးကောက်ပွဲဝင်ရေး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် မရေရာသေး
Donate to DVB

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို  စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုအခြေအနေကို ရောက်မှ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ပြောကြား လိုက်ပါတယ်။

မနေ့က  ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပပြီးစီးသွားတဲ့ ပါတီညီလာခံအပြီးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

10001525_613592622042943_1014735574_nရွေးကောက်ပွဲကော်မရှင် ဥပဒေအရ ပါတီ တည်ထောင်ပြီး ရွေးကောက်ပွဲ မ၀င်ရင် ပါတီ ဖျက်သိမ်းရမယ်ဆိုတာ သိပေမယ့်လည်း   တိုင်းရင်းသားအားလုံး လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု အခြေအနေကို မရောက်သေးဘူးဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို ၀င်မပြိုင်ဘူးလို့ ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ပြောပါတယ်။

“အရင်က ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်လို့ ကျနော်တို့ပါတီ ဖျက်သိမ်းခံခဲ့ရတာပေါ့နော်။ အခုလာမယ့် ရွေးကောက်ပွဲကိုလည်း ၀င်မှဖြစ်မယ် ၀င်သင့်တယ်ဆိုရင် ကျနော်တို့ဝင်မယ်။ မ၀င်လို့ ပါတီ ဖျက်သိမ်းခံရမယ်ဆိုလည်း ကိစ္စမရှိဘူး။ ဒီထက်အရေးကြီးတဲ့ ကိစ္စတွေကို ထည့်တွက်ရမယ် ဆိုလို့ရှိရင်လည်း မ၀င်ဘဲနေမှာပေါ့နော်။ အဓိကအကျဆုံးကတော့ ကျနော်တို့ ပါတီမူဝါဒက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကို ကျနော်တို့က အမြဲ ဦးထိပ်ပန်ဆင်တာပါ။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို အခြေမခံတဲ့၊ ဒီမိုကရေစီနည်းမကျတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအောက်မှာ ရွေးကောက်ပွဲ ၀င်ဖို့ဆိုတာ ကျနော်တို့အတွက် အင်မတန်ကို စွန့်စားရမှာပါ။”

ပါတီအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မိတ်ဆွေပါတီအဖွဲ့အစည်းများနဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ညီလာခံအပြီး ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ ရှမ်းပြည်နယ်ထဲမှာ ရေကာတာ တည်ဆောက်တာ၊  ဥပဒေမဲ့ ရွှေနဲ့ သတ္တုတူးဖော်တာနဲ့ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲက မြေဧကပေါင်း ၆ သိန်းကျော်မှာ  ကုမ္ပဏီတွေက ဇီဝလောင်စာစက်ရုံ လုပ်ဆောင်ဖို့ ရှိနေတာတွေကို ကန့်ကွက်ကြောင်း ပါရှိပါတယ်။

ဆက်လက်ပြီး ကျားဖြူပါတီလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီနဲ့ ပူးပေါင်းဖို့ ကိစ္စ ပါတီတွင်း သဘောတူညီချက် မရသေးဘဲ နည်းလမ်းရှာဖွေပြီး ဆက်လက်ကြိုးပမ်းသွား မယ်လို့ ဆုံးဖြတ်ထားပါတယ်။

ပါတီပူးပေါင်းရေးအတွက် ၂ ဘက်ပါတီ တွေ့ဆုံဆွေးနွေးဖို့ သူတို့ဘက်က မတ် ၂၃ ရက်နေ့ တောင်ကြီးမှာ တွေ့ဆုံဖို့ ချိန်းထားသော်လည်း ကျားဖြူပါတီဘက်က လွှတ်တော်ကိစ္စတွေနဲ့ မအားလပ်တာကြောင့် ဇွန်လလောက်မှ တွေ့ဆုံနိုင်မယ်လို့  ဦးစိုင်းလိတ်က  ခန့်မှန်းပြောဆိုပါတယ်။

ဒီညီလာခံမှာ ပါတီဥက္ကဋ္ဌအဖြစ် ခွန်ထွန်းဦး၊ ဒုဥက္ကဋ္ဌ စိုင်းစောအောင်၊ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်နဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး စိုင်းလိတ်တို့ကို ရွေးချယ်ခဲ့ပြီး  ရှမ်းပြည်တောင်ပိုင်း ၊ မြောက်ပိုင်း နဲ့ အရှေ့ပိုင်းဆိုင်ရာ ပါတီဌာနချုပ်ခွဲ ဥက္ကဋ္ဌတွေပါ တိုးချဲ့တင်မြောက်ခဲ့ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013