မောင်တောတွင် ပြန်ပေးဆွဲခံ ပညာရေးဝန်ထမ်း ၂ ဦး လွတ်မြောက်ရေး တာကာငွေ သိန်း ၂၀ လွှဲပေးထား၊ မသင်္ကာသူများကို ဖမ်းစစ်နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ပြန်ပေးဆွဲခံရတဲ့ ပညာရေးဝန်ထမ်း နှစ်ယောက်  လွတ်မြောက်ဖို့ ပြန်ပေးငွေ ဘင်္ဂလားဒေ့ရှ် တာကာငွေ သိန်း ၂၀ လွှဲပေးထားပေမဲ့  ဇွန်လ ၁၉ ညနေအထိ ပြန်မလွတ်သေးဘူးလို့  ပညာရေးဌာန တာဝန်ရှိသူတွေထံက သိရပါတယ်။

ဒေသခံ ပညာရေးဝန်ထမ်းတစ်ဦးက"သူတို့ တောင်းတဲ့ တာကာငွေ သိန်း ၅၀ ထဲက သိန်း ၂၀ ကို ဒီနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘဏ်တစ်ခုရဲ့ Account ထဲကို လွှဲပေးလိုက်ပြီလို့သိရတယ်။ ဒါပေမဲ့ ဒီညနေ အထိတစ်ယောက်မှ ပြန်လွှတ်ပေးတာမရှိသေးဘူး။"လို့ ပြောပါတယ်။

ဇွန် ၁၆ ရက်က သင်္ဘောလှမူလွန်ကျောင်းက ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက် ဆရာမဒေါ်ဥမ္မာကျော်တို့ဟာ မောင်တောမြို့နယ် ပညာရေးမှူးရဲ့ ဆင့်ခေါ်မှုကြောင့် ဆိုင်ကယ်နဲ့အသွား တောင်ပြိုလမ်းခုလပ်တနေရာမှာ ပျောက်ဆုံးသွားပြီးနောက် ပြန်ပေးသမားတွေ‌က ဘင်္ဂလားဒေ့ရှ် တာကာငွေ သိန်း ၅၀ (မြန်မာကျပ်ငွေသိန်းတထောင်) လောက်နဲ့ ပြန်ရွေးဖို့ ပညာရေးမှူးဆီ ဆက်သွယ်တောင်းဆိုထားတာပါ။

ပြန်ပေးသမားတောင်းတဲ့ တာကာငွေ သိန်း ၅၀ ထဲက သိန်း ၂၀ ကို ဒီနေ့မနက်က  ဘင်္ဂလားဒေ့ရှ်နိုင်ငံဘဏ်တစ်ခုရဲ့ Account ထဲကို ပညာရေးဌာန တာဝန်ရှိသူတွေက လွှဲပေးခဲ့ပေမဲ့  ဒီနေ့ညအချိန်အထိ ကျောင်းအုပ်ကြီးနဲ့ ဆရာမကို ပြန်ပေးသမားတွေက  ပြန်လွတ်ပေးတာမ ရှိသေးပါဘူး။

မောင်တောမြို့မိမြို့ဖတစ်ဦးက "အခုလက်ရှိဖြစ်နေတဲ့အခြေအနေတွေက ရှုပ်ထွေးတယ်ဗျ။ အတိအကျ ဘယ်သူမှမပြောနိုင်ဘူး။ တကယ့်ဓားပြအဖွဲ့ကဖမ်းတာလား။ ကာယကံရှင်တွေဆီက ငွေရစရာရှိလို့လားဆိုတာ သူတို့ကိုယ်တိုင်မှ ပြောနိုင်ကြမှာ။  အခု သိန်း ၂၀ လွှဲတယ်။ လက်နက်ကိုင်အာဏာပိုင်တွေကို အမှုဖွင့်တိုင်ကြားထားတာတော့ အခုအထိမရှိသေးဘူး"လို့ ပြောပါတယ်။

လက်ရှိမှာ ပြန်ပေးသမားတွေကို ဖမ်းဆီးရမိဖို့ ဘင်္ဂလာဒေ့ရှ်နိုင်ငံက တာဝန်ရှိသူတွေကို အကြောင်းကြားထားပြီး  မသင်္ကာသူ ၁၃ ယောက်လောက်ကို မြန်မာနယ်ခြားစောင့်တပ်က  ဖမ်းဆီးပြီး ကျီးကန်းပြင်ဌာနချုပ်မှာ စစ်ဆေးနေတယ်လို့ သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

//
More News
Up