
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက လုံးခင်းကျေးရွာအုပ်စုမှာ ဇွန် ၁၉ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲပြုလုပ်နေချိန်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မှော်ပုံကျေးရွာထဲက စာသင်ကျောင်းမှာ မွေးနေ့ပြုလုပ်နေချိန် စစ်ကောင်စီကလက်နက်ကြီးနဲ့ မနက် ၁၀ နာရီခွဲလောက်မှာ ပစ်ခတ်ခဲ့လို့ အသက် ၅၀ ကျော်အရွယ်အမျိုးသမီး စိုးရိမ်ဒဏ်ရာရရှိခဲ့သလို အသက် ၁၇ အရွယ်အမျိုးသားတဦးနဲ့ အသက် ၂၀ အမျိုးသမီးတဦးလည်း ဗုံးစထိမှန်ခဲ့တယ်လို့ ဒေသခံတဦးက DVB ကိုပြောပါတယ်။
“လုပ်နေတဲ့အချိန်မှာပစ်တာ၊ ထောင်ဘက်ကနေ အားလုံး ၃ ယောက်ထိသွားတယ်။ အမျိုးသမီး တယောက်က ယာလက်ပြင်နဲ့ ဘေးဘက်ခြမ်းဒဏ်ရာရသွားတော့ စိုးရိမ်ရတယ်၊ ကျန်တဲ့သူတွေက အောက်ပိုင်းလောက်ပဲထိတယ် သိပ်စိတ်မပူရဘူး၊ ခုတော့ စိုးရိမ်ရတဲ့ အမျိုးသမီးကို ဆေးရုံပို့ထားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၇ နှစ် မွေးနေ့ပွဲပြုလုပ်နေချိန်မှာ မဇွပ်ယန်ကျေးရွာထောင်အနီး တပ်စွဲထားတဲ့ စခန်းကနေ လက်နက်ကြီးနဲ့ ၃ ကြိမ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ဆန်တွေဟာ မှော်ပုံ ၉ လမ်းထိပ်နဲ့ စိမ်းလဲ့အောင် ကျောက်ဖြတ်ခုံနားမှာ ကျရောက်ခဲ့တာကြောင့် ခုလိုပြည်သူတွေ ထိခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့မွေးနေ့ပွဲပြုလုပ်နေချိန် လက်နက်ကြီးနဲ့ပစ်ခတ်တဲ့ ကျေးရွာဟာ မနှစ်ကလည်း အသက် ၇၆ နှစ်ပြည့် မွေးနေ့ပွဲပြုလုပ်ခဲ့တဲ့ ကျေးရွာဖြစ်ပြီး အဲ့နေရာနားကို တမင်ရွေးပစ်တာလို့ ဒေသခံတွေက ပြောပါတယ်။