
စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA(မကွေး)အနေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) ထံကနေ အကူအညီ အထောက်ပံ့တွေရရှိထားကြောင်းနဲ့ မကွေးတိုင်းဒေသကြီးကို လွတ်မြောက်နယ်မြေဖြစ်အောင် ဦးတည် ကြိုးပမ်းနေတယ်လို့ပြောပါတယ်။
နောက်နှစ် သင်္ကြန်မတိုင်ခင် PRA(မကွေး)ရဲ့စိုးမိုးနယ်မြေ လွတ်မြောက်နယ်မြေတွေ ရအောင် အရင်ကြိုးစားမှာဖြစ်ပြီး နောက်တဆင့် ဧရာဝတီမြစ်အနောက်ဘက်ခြမ်းက မြို့နယ်တွေကို တဆင့်ချင်း နယ်မြေစိုးမိုးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ PRA(မကွေး)ရဲ့ စစ်ရေးဆိုင်ရာတာဝန်ခံ ဗိုလ်ဟာကျူလီက ပြောပါတယ်။
“အဲဒီလုပ်ငန်းတွေအတွက် ကိုယ့်တဖွဲ့တည်း လုပ်ဆောင်လို့ မရတာကြောင့် မဟာမိတ်ဆိုင်ရာမူဝါဒတွေလည်း ချမှတ်ထားပါတယ်။ မဟာမိတ်တွေနဲ့ လက်တွဲညီပြီး ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့်လည်း တိုက်ပွဲတိုင်း အောင်မြင်မှုရရှိနေတယ်။ ကျနော်တို့ တော်လှန်ရေးအဖွဲ့စည်းတွေ အားလုံးစုစည်းပြီးမှ ဒီတော်လှန်ရေးက ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်ပြီးဆုံးမယ်ဆိုတာကို နားလည်လက်ခံထားတယ်။”
မဟာမိတ်ဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA အနေနဲ့ စစ်ရေးအကူညီ ၊ လက်နက်အကူညီတွေနဲ့ အများကြီး ကူညီပံ့ပိုးပေးနေပြီး ဒုက္ခ ရောက်နေတဲ့ CDM ဝန်ထမ်းတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို မဟာမိတ်တပ်တော်က လက်ခံကူညီပေးထားတာတွေရှိတယ်လို့ စစ်ရေးဆိုင်ရာတာဝန်ခံက ပြောပါတယ်။
လူ့အခွင့်အရေး၊ မတူကွဲပြားမှုတွေကို နားလည်လက်ခံသူတွေနဲ့ ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက်ဇွဲသတ္တိပြည့်ဝပြီး ရေရှည်ပါဝင်မယ့် တပ်ဖွဲ့ဝင်တွေကိုလည်း မူဝါဒချမှတ်ပြီး လေ့ကျင့်မွေးထုတ်ပေးနေတယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ အမျိုးသမီးတပ်ဖွဲ့ဝင် စစ်မေတွေရဲ့ ကြံ့ခိုင်မှုဟာလည်း အမျိုသားတွေနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်ပြီး သူတို့ရဲ့ အားသာချက်က စိတ်အားထက်သန်မှုနဲ့စွမ်းဆောင်မှု ပြည့်ဝတာ တွေ့ရတယ်လို့ ဗိုလ်ဟာကျူလီက ပြောပါတယ်။
PRA(မကွေး)ရဲ့တပ်စုမှူး မဒါဒါက"အာဏာရှင်ကို အမြစ်ပြတ် ခြေမှုန်းချင်လို့ သူငယ်ချင်းနဲ့ ချိတ်ဆက်ပြီး PRA(မကွေး) ကိုရောက်ရှိလာတာပါ။ မိန်းမသားဖြစ်တဲ့အတွက် တောထဲ တောင်ထဲတွေမှာ သွားရလာရတာ အခက်ခဲဖြစ်တယ်။ သင်တန်းချိန်မှာဆိုရင်လည်း နေ့ဘက်စစ်ဆင်ရေးလုပ်တဲ့ဟာတွေပါသလို ညဘက်တောထဲစစ်ဆင်ရေးလုပ်တာတွေပါတယ်။ အဲဒီအခြေနေမျိုးမှာလည်း ယောကျာ်လေးတွေနဲ့ တန်းတူလုပ်ရတဲ့အချိန်မှာ တော်တော်လေး အခက်ခဲဖြစ်ပြီး ညဘက်ကအဆိုးဆုံးပေါ့”လို့ ပြောပါတယ်။
မဒါဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့လို့ မမြသွဲ့သွဲ့ခိုင် ကျဆုံးပြီးနဲ့နောက်ပိုင်းမှာတော့ မိန်းကလေးတွေကိုလည်း ဆန္ဒပြရုံနဲ့မရတော့ဘူးလို့ ဆုံးဖြတ်ပြီး တောထဲကိုဝင်ရောက် သေနတ်ကိုင်ပြီးတိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ မဒါဒါက ပြောပါတယ်။
PRA(မကွေး) အနေနဲ့ အရှိုချင်းတိုင်းရင်းသားတွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ် တစ်တပ် ဖြစ်မြောက်အောင် လေ့ကျင့်သင်ကြားပေးနေသလို စလင်း-PDF၊ စေတုတ္တရာ-PDFနဲ့ ငဖဲမြို့နယ်အတွင်းက ကာကွယ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လိုအပ်ချက်တွေကိုပံပိုးကူညီပေးကာ တပ်သားသစ်စုဆောင်ရေးကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ PRA(မကွေး)ကနေ သိရပါတယ်။
PRA(မကွေး)မှာ စစ်သင်တန်း အပတ်စဥ် ၃ ခုအထိ ပို့ချသင်ကြားပေးခဲ့ပြီး သင်တန်းတစ်ပတ်စဥ်ကို အနည်းဆုံး သင်တန်သား ၁၀၀ ကနေ ၃၀၀ အထိသတ်မှတ်ထားပြီး သင်တန်း အပတ်စဥ် ၄ အတွက် သင်တန်းသားတွေ စနစ်တကျစိစစ်ခေါ်ယူနေတယ်လို့ သိရပါတယ်။