
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်နေ စစ်ကောင်စီခန့် မုံရွာခရိုင်ကောင်စီဝင် ဦးသန်းဇော်ထွန်းကို ဇွန် ၁၉ ရက် မနက်ပိုင်းက မုံရွာမြို့အတွင်း ကားမောင်းနှင် သွားလာနေစဉ် သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
သရဖူ ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်အသက် ၄၀ ကျော် အရွယ်ရှိ ဦးသန်းဇော်ထွန်းဟာ ကုမ္ပဏီကို ကားမောင်းပြီးအသွား ချမ်းမြဝတီရပ်ကွက်အတွင်း လမ်းပိုင်းတနေရာမှာ ဆိုင်ကယ်နဲ့လူနှစ်ယောက်က ဘေးချင်းယှဉ်လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ကားပေါ်မှာ သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
မျက်မြင်သူတဦးက “သူ့အမည်က ဦးသန်းဇော်ထွန်းဗျ။ အပစ်ခံရတာက ချမ်းမြဝတီရပ်ကွက်အတွင်းက လမ်းပေါ်မှာ အပစ်ခံခဲ့ရတာ။ နားထင်ကို တည့်တည့် အပစ်ခံရပြီး နေရာတင်သေဆုံးသွားတယ်” လို့ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ စစ်အုပ်စုနဲ့ ရဲတွေက မုံရွာမြို့ နေရာအနှံ့ကို ပိတ်ဆို့စစ်ဆေးတာတွေ လမ်းပေါ်သွားလာ နေသူတွေကို ဆဲဆို အော်ဟစ် ကြိမ်းမောင်းရန်ပြု ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဘယ်အဖွဲ့အစည်းက ပစ်ခတ်သွားတယ်ဆိုတာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။
ဒီနေ့နေ့လယ်ကလည်း မုံရွာမြို့ပေါ်မှာ ပေါက်ကွဲသံနဲ့ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ချမ်းမြဝတီရပ်ကွက် ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့ပေါ်မှာ ဇွန် ၁၈ ရက်ကလည်း ၅ နေရာထက်မနည်း ဗုံးပေါက်ကွဲခဲ့ပြီး လူ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး။