အသက် ၇၇ နှစ်ပြည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ဒီမိုကရေစီခရီး

၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ဟာ စစ်အာဏာရှင်ရဲ့ မတရားဖမ်းဆီးထိန်းသိမ်း တရားစွဲ ထောင်ချခံနေရတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၇ နှစ် မြောက်မွေးနေ့ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက်တော့ အခုလိုအကျဉ်းကျခံနေရစဉ် မွေးနေ့တဲ့ကြုံရတာ ပထမဆုံးအကြိမ် မဟုတ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်နိုင်ဖွယ် မမြင်ရသေးပါဘူး။ အကြောင်းကတော့ စစ်အာဏာရှင်အဆက်ဆက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကြိမ်ကြိမ် ဖမ်းဆီးအကျဉ်းချခဲ့သလို အခုလက်ရှိ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက် စစ်အုပ်စုဟာလည်း နှစ်ပေါင်းရာချီအပြစ်ပေးနိုင်တဲ့ စွပ်စွဲချက်တွေ အမျိုးအမျိုးနဲ့ တရား စွဲထားပြီး ထောင်ဒဏ်တွေလည်း အကြိမ်ကြိမ်ချမှတ်နေတာကြောင့် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလိုဘဲ အကျဉ်းကျခံနေရစဉ်ကာလတွေမှာ သူ့ရဲ့ မွေးနေ့တွေကို အကြိမ်ကြိမ်ဖြတ်သန်းခဲ့ရဖူးသလို မြန်မာအပါအဝင် ကမ္ဘာအရပ်ရပ်က သူ့ကိုချစ်ခင်ယုံကြည် အားပေးထောက်ခံတဲ့ ပြည်သူတွေကတော့ မွေးနေ့ရှင် မပါတဲ့ မွေးနေ့ပွဲတွေ ကျင်းပနေခဲ့ကြပါတယ်။


ဒေါ်အောင်ဆန်းစုကြည်၏ ငယ်ဘဝ


ဒေါ်အောင်ဆန်းစုကြည်ကို ဖခင် မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနဲ့ မြန်မာပြည်ရဲ့ ပထမဆုံး အမျိုးသမီးသံအမတ်ကြီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်တို့ကနေ ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်က ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပါတယ်။
‌သူမ နှစ်နှစ်သမီးအရွယ်မှာပဲ ဖခင်ဖြစ်သူ ဦးအောင်ဆန်း လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသလို သူ့ရဲ့ မွေးချင်းတွေထဲက အစ်ကိုလတ် အောင်ဆန်းလင်းဟာ အသက် ၈ နှစ်အရွယ်မှာ နေအိမ်ရှိ ရေကန်မှာ ရေနစ်သေဆုံးခဲ့သလို ညီမဖြစ်သူမှာလည်း မွေးပြီး ၅ ရက်အကြာမှာ ကွယ်လွန်ခဲ့ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၄၉ ခုနှစ်မှာ စိန့်ဖရန်စစ်ကွန်ဗင့်ကျောင်းမှာ အခြေခံပညာစတင် သင်ကြားခဲ့ပြီး ၁၉၅၇ မှ ၁၉၆၀ ခုနှစ်အထိ ရန်ကုန်မြို့ အင်္ဂလိပ်မက်သဒစ်ကွန်ဗင့်ကျောင်း(အထက - ၁ ဒဂုံ)မှာ ဆက်လက် တက်ရောက်ခဲ့ပါတယ်။ ဒီနောက် မိခင်ဖြစ်သူ သံအမတ်ကြီး ဒေါ်ခင်ကြည်မှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ လိုက်ပါနေထိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံရှိ ယေရှု နှင့် မေရီ ကွန်ဘင့်ကျောင်းတွင် ပညာဆက်လက်သင်ယူခဲ့ပါတယ်။
၁၉၆၂ မှ ၁၉၆၃မှာ အိန္ဒိယနိုင်ငံ ဒေလီတက္ကသိုလ် လေဒီရှယ်ရီရမ်ကောလိပ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို ဆည်းပူးခဲ့က ၁၉၆၄ မှ ၁၉၆၇ မှာ အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ် စိန့်ဟျူးကောလိပ် ဒဿနဗေဒ၊ နိုင်ငံရေးသိပ္ပံနှင့် စီးပွားရေးပညာရပ်များကို လေ့လာဆည်းပူးခဲ့ပြီး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်တွင် လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနဲ့ အာဖရိကလေ့လာရေးဌာန၊ နိုင်ငံရေးသိပ္ပံဌာနမှာ သုတေသနလက်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေချိန် ပါမောက္ခ ဒေါက်တာ မိုက်ကယ်အဲရစ်နဲ့ ဆုံတွေ့ခဲ့ပါတယ်။


၁၉၇၂ ခုနှစ်မှာ ဘူတန်နိုင်ငံတွင် မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယနရဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှု ဆိုင်ရာသမိုင်းအကြောင်း သုတေသီ ဒေါက်တာမိုက်ကယ်အဲရစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ထိမ်းမြားလက်ထပ်ခဲ့ပြီး သားနှစ်ဦးဖြစ်တဲ့ မောင်မြင့်ဆန်းအောင်နဲ့ မောင်ထိန်လင်းတို့ မွေးဖွားခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်

မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆက်စပ်ပုံကို ပြန်လှည့်ကြည့်မယ်ဆိုရင် ၁၉၈၈ ဧပြီလဆန်းမှာ နာမကျန်းတဲ့ မိခင်ကို စောင့်ရှောက်ဖို့ မြန်မာပြည် ပြန်ရောက်လာခဲ့ရာက စတင်ခဲ့တယ်လို့ဆိုရမှာပါ။
ဗိုလ်နေဝင်းဦးဆောင်တဲ့ မဆလတပါတီ စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုကို မကျေနပ်ရာက ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှုတွေ အုံကြွနေတဲ့အချိန်ပါ။ ကျောင်းသားလှုပ်ရှားမှုကနေစတင်ပြီး မြန်မာတပြည်လုံး ရဟန်းရှင်လူပြည်သူလူထု လှည်းနေလှေအောင်းမြင်းဇောင်းမကျန်ပါဝင်ခဲ့တဲ့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်ခဲ့လို့ လူထောင်နဲ့ချီ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီနောက် ၁၉၈၈ ခု စက်တင်ဘာ ၂၇ ရက်မှာတော့ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီခေါင်းဆောင်တွေဟာ National League of Democracy (NLD) ပါတီကို ထူထောင်ခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့ပါတယ်။

ဒီနောက် ၁၉၈၉ ဇူလိုင် ၂၀ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ် ချမှတ်ခံတာခဲ့ရပါတယ်။ ၁၉၉၀ ပြည့်နှစ် မေလ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၄၈၅ နေရာအနက် ၃၉၂ နေရာအထိ NLD က အပြတ်အသတ် အနိုင်ရခဲ့ပေမဲ့ နဝတစစ်တပ်က အသိအမှတ် မပြုခဲ့ပါဘူး။
နောက်ထပ် တနှစ်ခွဲအကြာ ၁၉၉၁ အောက်တိုဘာလမှာတော့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပြီး နေအိမ်အကျယ်ချုပ် ကျနေရတာကြောင့် လူကိုယ်တိုင် ရယူနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ခင်ပွန်း မိုက်ကယ်အဲရစ်နဲ့ သားနှစ်ယောက်က ကိုယ်စား တက်ရောက်ယူခဲ့ကြပါတယ်။


နေအိမ်အကျယ်ချုပ် ၆ နှစ်တာအတွင်း စာပေလေ့လာရင်း၊ တရားထိုင်ရင်း၊ စန္ဒရားတီးရင်း ဖြတ်သန်းခဲ့တဲ့နောက် ၁၉၉၅ ခုနှစ် ဇူလိုင်လမှာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့ပါတယ်။
၁၉၉၆ ခုနှစ် အာဇာနည်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ဖခင် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အာဇာနည်ဗိမာန်ကို သွားရောက် ဦးချကန်တော့နိုင်ခဲ့ပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အဆိုအရ ၁၉၉၇ ခုနှစ်ဟာ NLD ပါတီဝင်တွေ အပေါ်မှာ ဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ နှစ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ ဖိအားပေးဖို့ ဆက်လက်တောင်းဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ထဲကို ပြန်ဝင်နိုင်ဖို့ အခွင့်အရေး မရှိနိုင်တဲ့အတွက် ပြည်ပထွက်ခွာဖို့ကို အမြဲငြင်းဆန်ခဲ့ပါတယ်။ သူ့ရဲ့ခင်ပွန်း မိုက်ကယ်အဲရစ်ဟာလည်း ဆီးကျိတ်ကင်ဆာရောဂါနဲ့ သေလုသေခင်မှာပင်လျှင် မြန်မာပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံခဲ့ရပါတယ်။
၁၉၉၉ မတ်လက ဗြိတိန်မှာကျင်းပတဲ့ မိုက်ကယ်အဲရစ်ရဲ့ ဈာပနအခမ်းအနားကို သွားရောက်ဖို့ စစ်အစိုးရရဲ့ ကမ်းလှမ်းချက်ကို ငြင်းခဲ့ပါတယ်။ သူဟာ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာမှာ တခါ ပြည်သူလူထုနဲ့ ပါတီဝင်တွေကို တွေ့ဆုံဖို့ ရန်ကုန်မြို့ ပြင်ပခရီးထွက်ဖို့ အကြိမ်ကြိမ်ကြိုးစားရင်း နေအိမ်အကျယ်ချုပ် နောက်တကြိမ် ချမှတ်ခံခဲ့ရပါတယ်။
၂၀၀၂ ခုနှစ် မေ ၆ ရက်မှာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက် မြန်မာပြည်အနှံ့ ခရီးစဉ်အတွင်း ထောင်သောင်းချီတဲ့ ထောက်ခံသူ ပြည်သူလူထုနဲ့အတူ စစ်အစိုးရရဲ့ အကြမ်းဖက် လက်ရုံးအုပ်စုတွေရဲ့ အနှောင့်အယှက်ကိုလည်း ရင်ဆိုင်ရပါတယ်။
၂၀၀၃ ခုနှစ် မေလမှာတော့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ NLD စည်းရုံးရေး ယာဉ်တန်းဟာ ဒီပဲယင်းနားမှာ စစ်အစိုးရလက်ကိုင်တုတ် လူရမ်းကားတွေရဲ့ ချောင်းမြောင်းတိုက်ခိုက်မှု ခံခဲ့ရပါတယ်။ အဲဒီလုပ်ကြံမှုအတွင်း လူဦးရေ ၇၀ လောက်ထိ သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေလှုပ်ရှားသူတွေက ခန့်မှန်းပါတယ်။ စစ်အစိုးရဟာ ဒီတိုက်ခိုက်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုသာ အပြစ်တင်ခဲ့ပြီး လျှို့ဝှက်တနေရာမှာ ချုပ်နှောင်ထားခဲ့ပြီး နေအိမ်အကျယ်ချုပ်နဲ့ဆက်လက်ထားရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်နောက်ပိုင်း စစ်အစိုးရကို နိုင်ငံတကာက အရေးယူ ပိတ်ဆို့မှုတွေ ပိုမိုများပြားလာခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေကပါ စိတ်ပျက်လာကြပါတယ်။
၂၀၀၃ ခုနှစ်ကစပြီး ၂၀၀၉ ခုနှစ်ထိ ၆ နှစ်ကြာ တတိယအကြိမ် နေအိမ်အကျယ်ချုပ် သက်တမ်းစေ့ခါနီး ရက်ပိုင်းမှာ စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ခုံရုံးတင် စစ်ဆေးပါတယ်။ ဒေါ်စု လုပ်ကြံခံရနိုင်ကြောင်း သတိပေးစကားပြောဖို့ ဘုရားသခင်က သူ့ကို စေလွှတ်တယ်ဆိုပြီး နေအိမ်ခြံဝင်းအတွင်းကို အင်းယားကန်ထဲကတဆင့် ရေကူးရင်း ကျူးကျော်ဝင်ရောက်သူ မစ္စတာဂျွန်ယက်တောကို နှင်မထုတ်ခဲ့လို တရားစွဲဆိုခံရပြန်ပါတယ်။ ဂျွန်ယက်တောကို ၂ ညအိပ် နားခိုခွင့်ပြုထားလို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ၁၈ လ အချုပ်အမိန့် ထပ်ချမှတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၀ ရွေးကောက်ပွဲအပြီး တပတ်ကြာမှ နိုဝင်ဘာ ၁၃ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်ကနေ တဖန် လွတ်မြောက်လာပါတယ်။
အနှစ် ၂၀ အတွင်း ပထမဆုံးလုပ်တဲ့ NLD ပါတီ ဝင်မပြိုင်တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အနိုင်ရပါတယ်။
ဒီမိုကရေစီရေး လှုပ်ရှားသူတွေကတော့ အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ မဲလိမ် မဲခိုးထားတဲ့ ကြိုတင်စီစဉ်မဲတွေနဲ့ ရွေးကောက်ပွဲ အနိုင်ရတယ်လို့ သတ်မှတ်ပါတယ်။


၂၀၁၀ ရွေးကောက်ပွဲပြီးခါစ အကျယ်ချုပ်က လွတ်မြောက်လာပြီး တပတ်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်းများစွာ ခွဲခွာနေခဲ့ရတဲ့ သူ့ရဲ့သားငယ် မောင်ထိန်လင်း (ခ) ကင်မ်အဲရစ်နဲ့ ပြန်ဆုံပါတယ်။ သားအမိနှစ်ယောက် ရန်ကုန်မြို့ရဲ့ အထင်ကရ ရွှေတိဂုံဘုရားမှာ ဝတ်ပြုကြပါတယ်။ ပြန်လည်လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရရဲ့ တင်းကျပ်မှုတွေ ဖြေလျှော့လိုက်တဲ့နောက် သူဟာ ခရီးတွေလှည့်လည်ရင်း ထောက်ခံသူ ပြည်သူလူထု၊ နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းနဲ့ သတင်းတောက်တွေကို တွေ့ဆုံခွင့် ရလာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၆ က ဆောက်လုပ်တဲ့ မြို့တော်အသစ် နေပြည်တော်ကို ၂၀၁၁ ခုနှစ်မှာ ခရီးထွက်ပြီး အဲဒီချိန်က သမ္မတ ဦးသိန်းစိန်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။


အဲဒီချိန်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့အသိုင်းအဝိုင်းနဲ့ ပြန်လည်ဆက်ဆံပြီး အနာဂတ်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်မယ်လို့ အရပ်သားအစိုးရသစ်က ကတိပြုခဲ့တဲ့အချိန်ပါ။
အရပ်သားအစိုးရသစ် လက်ထက် မြန်မာနိုင်ငံတွင်း အလျှင်အမြန် ပြောင်းလဲမှုတွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြုပြင်ပြောင်းလဲရေး လိုလားသူ ဗိုလ်ချုပ်ကြီးဟောင်းတွေ ဦးဆောင်တဲ့ အစိုးရနဲ့ ညှိနှိုင်းလုပ်ကိုင်ရမယ်လို့ လက်ခံ ယုံကြည်စေခဲ့ပါတယ်။
၂၀၁၂ ဧပြီလ ကြားဖြတ် လွှတ်တော်ရွေးကောက်ပွဲရဲ့ ၄၅ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ NLD က ၄၃ နေရာထိ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။
၂၀၁၂ မေလမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့လွှတ်တော်အတွင်း ရောက်ရှိလာခဲ့ပြီး နှစ် ၂၀ ကျော် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအလွန်ခေတ် သမိုင်းဝင် နိုင်ငံရေးအခင်းအကျင်းသစ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခံခဲ့ရပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွံ့ဖြိုးရေးစီမံကိန်းတွေ ကျား၊ မ တန်းတူအခွင့်အရေးတွေသာမက ထိုင်းနိုင်ငံမှာ ကျင်းပါတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံ World Economic Forum ကို ပထမဆုံးတက်ရောက်ပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်ကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတွေအကြောင်း ရှင်းလင်း ဟောပြောခဲ့ပါတယ်။ သူ့ရဲ့ အဓိကရည်မှန်းချက်ထဲမှာ ဆင်းရဲတွင်းနက်နေတဲ့ နိုင်ငံအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးနိုင်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ဆွဲဆောင်ဖို့လည်း ပါဝင်ခဲ့ပါတယ်။
သူ့ရဲ့ ဒီမိုကေရစီလှုပ်ရှားမှုပါတီဟာ စစ်တပ် ၇၅ ရာခိုင်နှုန်း ထောက်ခံမှ ဖြစ်နိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပေဒ ပြုပြင်ရေးသာမက အပြောင်းအလဲတွေကို ပုံဖော်ဖို့ စိန်ခေါ်နေတဲ့ တောင်တက်လမ်းကို ရင်ဆိုင်နေရတဲ့ အကြောင်းလည်း ဝန်ခံခဲ့ဖူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံနဲ့ မြန်မာနယ်စပ် မဲဆောက်မြို့နားက မယ်လ ဒုက္ခသည်စခန်းဆီ လည်ပတ်ရင်း ထောင်သောင်းချီတဲ့ မြန်မာပြည်သား ဒုက္ခသည်တွေကို တွေ့ဆုံအားပေးခဲ့ပါတယ်။ ၁၅ နှစ် အကျယ်ချုပ်နဲ့ စုစုပေါင်း ၂၄ နှစ် ပြည်တွင်းကာလအဆုံး သူ့ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ဟာ ပထမဆုံးနိုင်ငံခြားခရီး ဖြစ်ပြီး ကမ္ဘာ့မီဒီယာပေါင်းစုံက ဦးစားပေး ထုတ်လွှင့်ခဲ့ကြပါတယ်။
၂၀၁၂ ခုနှစ် ဇွန်လမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေနိုင်ငံ နိုဘယ်လ်အင်စတီကျုဆီ ရောက်လာခဲ့ပြီး လွန်ခဲ့တဲ့ ၂၁ နှစ်က ပေးအပ်ခဲ့ပြီး လူကိုယ်တိုင် လက်ခံမယူနိုင်ခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို လက်ခံရယူပြီး နိုဘယ်လ်ဆု လက်ခံမိန့်ခွန်း ပြောကြားခဲ့ပါတယ်။
၂၀၁၂ မှာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး Amnesty International က ပေးအပ်တဲ့ ဂုဏ်သိက္ခာကြီးမားလှတဲ့ လူ့အခွင့်အရးဆု ချီးမြှင့်ခံခဲ့ရပြီး အဲဒီဆုကို ၂၀၁၈ မှာ ရိုဟင်ဂျာအရေးအကြောင်းပြချက်နဲ့ ပြန်လည်ရုပ်သိမ်းခံခဲ့ရပါတယ်။


အမေရိကန်သမ္မတ ဘာရက်ခ်အိုဘားမားဟာလည်း ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကေရစီရေး လှုပ်ရှားသူတွေအပေါ် အမေရိကန်ရဲ့ ထောက်ခံအားပေး ကတိကဝတ်စကားကို ထပ်မံ ခိုင်မာစေခဲ့ပါတယ်။ နိုင်ငံခြားသားဖြစ်တဲ့ နှစ်ယောက်ကြောင့် သမ္မတနေရာ ပြိုင်ဆိုင်ခွင့်မရှိတဲ့ ဥပေဒဟာ သူ့အတွက် ရည်ရွယ်ရေးဆွဲထားတယ်လို့ အများက ယုံကြည်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ကန့်ကွက်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ် အာဇာနည်နေ့ ဇူလိုင် ၁၉ မှာတော့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုခဲ့ပါတယ်။ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ရင်ဆိုင်ရတဲ့ အထွေထွေရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေးခရီးစဉ်တွေ စတင်ပြင်ဆင်ခဲ့ပါတယ်။
စစ်အုပ်စု ဝါဒဖြန့်မှိုင်းတိုက်လေ့ရှိတဲ့ NLD ပါတီ အနိုင်ရခဲ့ရင် မွတ်ဆလင်အများစုနိုင်ငံ ဖြစ်သွားမလားဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ရှောင်ရှားခဲ့ပြီး အထွေထွေရွေးကောက်ပွဲကြီးကို ဘာသာရေး၊ လူမျိုးရေး ကဏ္ဍတွေက မလွှမ်းမိုးစေဖို့ ထောက်ခံသူ ပြည်သူလူထုကို ပြောဆိုခဲ့ပါတယ်။
အစွန်းရောက် ဗုဒ္ဓဘာသာရဟန်းတွေနဲ့ မဘသအုပ်စုတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ လူဦးရေ ၅၁ သန်းလောက် ကိုးကွယ်ယုံကြည်နေကြတဲ့ ဗုဒ္ဓဘာသာကို အကာအကွယ်မပေးပဲ မွတ်ဆလင်တွေကိုသာ ကရုဏာထားလွန်းနေတယ်လို့ စွပ်စွဲနေခဲ့ကြသလို တဘက်မှာ နိုင်ငံတကာ အသိုက်အဝိုင်းကလည်း မွတ်ဆလင်တွေကို နှိပ်ကွပ်နေတယ်လို့ ဝေဖန်စွပ်စွဲနေပြန်ပါတယ်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်ခင်လေးမှာပဲ NLD သာ အနိုင်ရခဲ့မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေက ပိတ်ဆို့ထားတာကို အာခံပြီး သမ္မတရဲ့အထက်မှာ နေမယ်။ နိုင်ငံဦးသျှောင်အဖြစ် ရပ်တည်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လူသိထင်ရှား ကြေညာခဲ့ပါတယ်။
၂၅ နှစ်အတွင်း ပထမဦးဆုံးကျင်းပတဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအတွက် နိုဝင်ဘာလ ၈ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲပေးခဲ့ပါတယ်။ ဒီနောက်မှာ သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်း ကော့မှူးကျေးရွာ ပြည်သူလူထုကို နှုတ်ခွန်းဆက်ခဲ့ပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမဲဆန္ဒနယ်မှာ ထပ်မံယှဉ်ပြိုင် အနိုင်ရရှိခဲ့သလို သူ ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကလည်း အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်ရဲ့ အရှိန်အဝါ ဩဇာကြီးမားနေဆဲဖြစ်တဲ့ နိုင်ငံမှာ အနိုင်ရပါတီ NLD အနေနဲ့ အစိုးရသစ်ဖွဲ့စည်းဖို့ ပြင်ဆင်ချိန်ကာလမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ ထိပ်သီးဗိုလ်ချုပ်ကြီးတွေနဲ့ တိုက်ရိုက် ဆက်ဆံခဲ့ရပါတယ်။ ချောမောစွာ အာဏလွှဲပြောင်းနိုင်ရေးအတွက် ဒေါ်စုဟာ သမ္မတ ဦးသိန်းစိန်နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ရပါတယ်။
မြန်မာ့နိုင်ငံရေး အကူးအပြောင်းမှာ ထင်ရှားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက NLD နဲ့ စစ်တပ် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ယခင် နအဖစစ်အစိုးရခေတ်က တတိယမြောက် သြဇာအကြီးများဆုံး ဗိုလ်ချုပ်ကြီးဟောင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဟာမိတ် ဖြစ်လာခဲ့ပြီး အသစ်ဖြစ်ပေါ်လာမယ့် အစိုးရအဖွဲ့မှာ သူ့ကို အသုံးချလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ထုတ်ပြောပြခဲ့ဖူးပါတယ်။
မဲဆန္ဒရှင်တွေက တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပထမဆုံး ဒီမိုကစီနည်းကျ အစိုးရတင်မြှောက်တဲ့ အခမ်းအနား ဖြစ်လာပါတယ်။
နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်းမှာ စစ်တပ်နဲ့ ဆက်နွှယ်မှုမရှိတဲ့ သမ္မတ ဦးထင်ကျော်ကို ပထမဆုံးအကြိမ် သမ္မတအဖြစ် တင်မြှောက်နိုင်ခဲ့ကြပါတယ်။ စစ်တပ်ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဖြစ်ခွင့်မရှိတဲ့ ဒေါ်အောင်ဆန်းကြည်ဟာ သူ့ရဲ့ အနီးကပ်လူယုံ မိတ်ဆွေလည်းဖြစ်တဲ့ ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့ပါတယ်။
အဲဒီနောက် မတ်လ ၃၀ ရက်နေ့မှာတော့ NLD ရဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်မှာ ပထမဦးဆုံး ပေါ်ပေါက်လာတဲ့ အရပ်သားအစိုးရအဖွဲ့ထံ မြန်မာ့စစ်အစိုးရက အာဏာလွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။
စစ်အာဏာရှင် အုပ်ချုပ်ခဲ့တဲ့ အနှစ်ငါးဆယ်ကျော်အတွင်း ပထမဦးဆုံးကျင်းပတဲ့ အာဏာလွှဲပြောင်းပွဲ အခမ်းအနားမှာ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ သမ္မတသစ် ဦးထင်ကျော်တို့ သမိုင်းဝင် လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။


ဧပြီ ၁ ရက်နေ့ အစိုးရသစ် ဖြစ်ပေါ်လာပြီးနောက် သူ့ရဲ့တရုတ်ပြည်ခရီးစဉ်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတ ရှီကျင်းဖျင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မတူညီမှုတွေကို ကျော်လွှားနိုင်ပြီး ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ တိုင်းရင်းသား လူနည်းစုတွေကိုရော လက်နက်ကိုင်အုပ်စုပေါင်း များစွာနဲ့ ဆယ်စုနှစ်များစွာ စစ်တိုက်နေတဲ့ စစ်တပ်ကိုရော လေးလေးနက်နက် တိုက်တွန်းခဲ့ပါတယ်။
နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အကျပ်အတည်းတခုဖြစ်နေတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ ဗုဒ္ဓဘာသာတွကြား အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခတွေကနေ ငြိမ်းချမ်းဖွံ့ဖြိုးမှုဆီ တက်လှမ်းနိုင်ဖို့ ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကြီးကြပ်ပေးစေဖို့ သူ့ကို တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်သမ္မတ ဘာရက်ခ်အိုဘားမားက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးဟာ ပြီးပြည့်စုံတဲ့အဆင့် မရောက်သေးပေမဲ့ လမ်းကြောင်းမှန်ပေါ်မှာ ရောက်ရှိနေတယ်လို့ ဝေဖန်ပြီး အမေရိကန်က မြန်မာအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို မကြာခင် ဖယ်ရှားပေးဖို့ အဆင်သင့်ပဲလို့ ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတ အိုဘားမားတို့ ပထမဆုံးအကြိမ် အိမ်ဖြူတော်မှာ တွေ့ဆုံချိန်တွင်း အိုဘားမားက ခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။


ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အောင်မြင်မှုပြီးနောက် မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်မှာ ရောက်ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ တိုင်းရင်းသားတွေကို ဖိတ်ခေါပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ဖို့ရည်ရွယ်ချက်နဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ တွေခေါ်ယူကျင်းပခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းခဲ့သလို၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေး ၊ ပြည်သူလူထုတွေရဲ့ လူမှုဘဝတွေ ဘက်ပေါင်းစုံကနေ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
အဲဒီ ၂၀၁၆ နှစ် ဒီဇင်ဘာလမှာတော့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ထိပ်သီး အစည်းအဝေးကို ရန်ကုန်မှာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် စစ်တပ်က ချေမှုန်းနေတာတွေအကြောင်း ဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က သဘာပတိ လုပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ထဲကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးပို့နိုင်ဖို့ မြန်မာဘက်က သဘောတူညီခဲ့တဲ့အကြောင်း အာဆီယံဝန်ကြီးတွေက ပြောကြပါတယ်။
ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေကို သတ်ဖြတ်ညှဉ်းပန်းခဲ့တာတွေအတွက် ကျုးလွန်သူတွေဟာ တာဝန်ယူ တာဝန်ခံရလိမ့်မယ့်အကြောင်း Rakhine State Advisory Commission ရခိုင်ပြည်နယ် အကြံပေးကောင်စီက ရရှိတဲ့ အချက်အလက်တွေနဲ့ တင်ပြခဲ့ပါတယ်။
၂၀၁၇ သြဂုတ်လမှာတော့ ကိုဖီအာနန်ရဲ့ အကြံပေးကော်မစ်ရှင်ရဲ့ တွေ့ရှိချက်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရထံ တင်သွင်းပေးအပ်ပြီး နောက်တရက်မှာပဲ ရိုဟင်ဂျာ လက်နက်ကိုင်တွေက မြန်မာအစိုးရ ရဲကင်းစခန်းတွေကို တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၁၂ ယောက် သေဆုံးခဲ့ပါတယ်။ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေနဲ့ လူ့အခွင့်အရေး စာင့်ကြည့်သူတွေကတော့ မြန်မာစစ်တပ်နဲ့ ဗုဒ္ဓဘာသာ ရခိုင်ပြည်သူ့စစ်တွေဟာ မွတ်ဆလင်အားလုံးကို နယ်မြေထဲက မောင်းထုတ်ဖို့ အကြမ်းဖက် မီးရှို့လှုပ်ရှားမှုတွေ လုပ်ခဲ့ကြတယ်လို့ စွပ်စွဲကြပါတယ်။
ဗုဒ္ဓဘာသာ မြန်မာအများစုကတော့ အဲဒီအဆိုကို လက်မခံခဲ့ကြပါဘူး။ ဒါဟာ သြဂုတ်နဲ့ အောက်တိုဘာလတွေမှာ တိုက်ခိုက်ခဲ့တဲ့ Arakan Rohingya Salvation Army (ARSA) လက်နက်ကိုင်တွေကို တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ အကြမ်းဖက်မှုတွေဖြစ်ပြီး နောက်တနေ့ ထွက်ပေါ်လာတဲ့ ရိုက်တာ သတင်းပေးပို့ချက်မှာတော့ ရာပေါင်းများစွာရှိတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်ပြေးလွှားနေကြပြီး မြန်မာနိုင်ငံဘက်ခြမ်းမှာတော့ သေနတ်ပစ်ဖောက်သံတွေ ကြားနေခဲ့ရပါတယ်။
ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေအပြီး ၂ ပတ်လောက် အကြာမှာတော့ ထောင်နဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ပြီး ပြေးဝင်ခိုလှုံကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအခြေအနေကို အကြီးမားဆုံး စိန်ခေါ်မှုထဲက တခုပဲလို့ ပြောဆိုပြီး သူ့ရဲ့အဖွဲ့သားတွေဟာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးကို ရည်ရွယ်တဲ့ လုပ်ငန်းတွေ စလုပ်နေပြီလို့ ပြောပါတယ်။
ဒါ့ပြင် သမိုင်းနဲ့ချီတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ၁၈ လသက်တမ်းသာ ရှိသေးတဲ့ အစိုးရကိုပဲ မျှော်လင့်မနေသင့်ဘူးလို့လည်း ပြောပါတယ်။


၂၀၁၉ ခုနှစ်မှာတော့ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့မှာရှိတဲ့ နိုင်ငံတကာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက စွဲဆိုတဲ့ ရိုဟင်ဂျာ မွတ်ဆလင် လူနည်းစုတွေကို လူမျိုးတုံး သတ်ဖြတ်နေတယ်ဆိုတဲ့ စွဲချက်အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ၃ ရက်တာ သွားရောက် ထုချေရှင်းလင်းခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်တပ်တွင်း တရားစီရင်ရေးစနစ်ကို အခွင့်အရေး ပေးသင့်တဲ့အကြောင်းနဲ့ ဂမ်ဘီယာနိုင်ငံက တင်တဲ့ လူမျိုးတုံး သတ်ဖြတ်မှု စွဲချက်ကို ပယ်ဖျက်ပေးဖို့ ICJ ကို ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့ပါတယ်။
ဒီနောက်မှာတော့ သည်ဟိတ်ဂ်မြို့မှာ လူမျိုးတုံးသတ်ဖြတ်မှု တရားစွဲဆိုချက်ကို ရင်ဆိုင်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူရဲကောင်းတယောက်ကို ကြိုဆိုပုံမျိုးနဲ့ မြန်မာပြည်သူတွေက ကြိုဆိုခဲ့ကြပါတယ်။


၂၀၂၀ နှစ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖျော်ဖြေရေးလုပ်ငန်းတွေ ဈေးဝယ်ကုန်တိုက်တွေ ပိတ်ဆို့လိုက်တဲ့နောက်ပိုင်း ထောင်သောင်းချီတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ မြန်မာနိုင်ငံ ပြန်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ကပ်ရောဂါကာလအတွင်း လက်ကို ဘယ်လိုစင်ကြယ်အောင် ဆေးကြောရမယ်ဆိုတာကို ရုပ်သံကနေ သရုပ်ပြပြီး ပြည်သူလူထုကို စည်းရုံးခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါ ပထမလှိုင်းအတွင်း တနိုင်ငံလုံးကို အပြင်ထွက်ခွင့် ပိတ်ပင်လိုက်ပြီး ဒုတိယလှိုင်း ရောဂါကူးစက်မှုတွေ မြင့်တက်လာချိန် စက်တင်ဘာလတွင်းမှာလဲ နိုင်ငံအနှံ့ Lockdown အပြင်ထွက်ခွင့် တားမြစ်ခဲ့ပါတယ်။
ခရီးသွားလာခွင့် ပိတ်ပင်ထားစဉ်အတွင်း ရန်ကုန်တိုင်းအတွင်းက သူ့ရဲ့ မဲဆန္ဒနယ်ဆီကို ခရီးမသွားနိုင်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် နေပြည်တော်မှာပဲ အောက်တိုဘာ ၂၉ ရက်မှာ ကြိုတင် ဆန္ဒမဲပေးခဲ့ပါတယ်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမဲဆန္ဒနယ်တွင် ထပ်မံယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ပြည့်သူ့လွှတ်တော်မှာ ၂၅၈ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁၃၈ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အသီးသီးမှာ ၅၀၁ နေရာရခဲ့ပြီး ၈၃ ဒသမ ၂ ရာခိုင်နှုန်းအထိ တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ကာ ဒုတိယအကြိမ် အစိုးရဖွဲ့စည်းခွင့်ရရှိခဲ့ပါတယ်။
ဒါပေမဲ့ရွေးကောက်ပွဲမှာ အပြတ်အသတ်ရှုံးနိမ့်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ပါတီကို ကျောထောက်နောက်ခံပေးထားတဲ့ စစ်တပ်ဟာ မဲစာရင်းမှားယွင်းမှုကို အကြောင်းပြပြီး တရားဥပဒေကြောင်းအရ မဖြေရှင်းပဲ လက်နက်အားကိုးနဲ့ နိုင်ငံတော် အာဏာကို အဓမ္မသိမ်းယူခဲ့ပါတယ်။
သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေ၊ အန်အယ်လ်ဒီ ခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေကို စစ်တပ်က ဖမ်းဆီးပြီး အဂတိလိုက်စားမှု အပါအဝင် ပုဒ်မ အမျိုးမျိုးနဲ့ သက်သေမရှိဘဲ စွပ်စွဲ တရားစွဲပြီး နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။


စစ်အာဏာသိမ်းတာကို လက်မခံပဲ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ သန်းနဲ့ ချီတဲ့ ပြည်သူတွေ၊ ကျောင်းသားလူငယ်မျိုးဆက်သစ်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံဝန်ထမ်းတွေ၊ ကျန်းမာရေးလုပ်သားတွေ အပါအဝင် သတင်းသမားတွေကိုလည်း ဖမ်းဆီးထောင်ချခဲ့ပြီး ဆန္ဒပြပွဲတွေကိုလည်း အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နှိမ်နင်းခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဆယ်စုနှစ်တခုစာ လုပ်လက်စ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ အားလုံး ရပ်ဆိုင်းသွားပြီး တနိုင်ငံလုံး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေအားလုံး ဝရုန်းသုန်းကား ဖြစ်ခဲ့ရပါတယ်။
တဘက်မှာလည်း စစ်အာဏာရှင်ဆန့်ကျင် ခုခံစစ်ပွဲတွေ အရှိန်ရလာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းကာ လက်နက်ကိုင်တော်လှန်နေကြသလို ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှုတွေကလည်း ဆက်ရှိနေဆဲဖြစ်ပါတယ်။


လက်ရှိအချိန်မှာတော့ အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ တဖက်သတ်စွပ်စွဲ တရားစွဲဆိုမှုတွေကို အစုအပြုံလိုက် ရင်ဆိုင်နေရပါတယ်။
အကျဉ်းသား ဝတ်စုံအဖြစ် အင်္ကျီအဖြူရောင်နဲ့ အညိုရောင်ထဘီကို ဝတ်ဆင်ပြီး တရားရုံး တက်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူတွေစည်းလုံးကြဖို့၊ ညီညွတ်ကြဖို့နဲ့ ကျန်းမာစေဖို့ သူ့ရဲ့ရှေ့နေတွေကနေတဆင့် အမှာစကားပြောကြားလေ့ရှိသလို သူ့အတွက်တော့ ထမင်းစစ်စစ် စားချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ခေါင်းဆောင်တယောက်အနေနဲ့ ဘယ်လောက် အောင်မြင်တယ်လို့ ထင်လဲလို့ သူ့ဖမ်းဆီးမခံရခင်တုန်းက သတင်းသမားတယောက်က မေးမြန်းခဲ့စဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည်က "ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မ ဘယ်လောက်အောင်မြင်သလဲ ဆိုတာ ကျွန်မ မပါဘဲ ရှေ့ဆက်နိုင်အောင် ကျွန်မ ဘယ်လောက် လုပ်ပေးနိုင်ခဲ့သလဲ ဆိုတာက ဆုံးဖြတ်ပါလိမ့်မယ်"။ " တနေ့မှာ ကျွန်မကို လုံး၀ မလိုတော့အောင် ကျွန်မလုပ်ပေးနိုင်ခဲ့လိမ့်မယ်။ ကျွန်မပါတီရော၊ ကျွန်မနိုင်ငံရော၊ ကျွန်မကို မလိုတော့ဘဲ ရှေ့ဆက်သွားနိုင်ကြလိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ် "လို့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဖြေဆိုခဲ့ဖူးပါတယ်။
နှစ်ပေါင်း ၁၀၀ ကျော်အောင် ထောင်ဒဏ်ချမှတ်နိုင်တဲ့ အမှုပေါင်းများစွာအတွက် နှစ်နဲ့ချီကာ ရုံးချိန်းတွေ ဆက်လက်ရင်ဆိုင်ရဦးမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နောင်နှစ် အသက် ၇၈ နှစ်မွေးနေ့ကနေ သူ့ကျန်ရှိတဲ့ ဘဝသက်တမ်းတလျောက် အချုပ်အနှောင်ကနေ ကင်းလွတ်ပြီး သူချစ်တဲ့ပြည်သူတွေနဲ့အတူ ငြိမ်းချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့သာ။

Photo Credit

//
More News
Up