ယင်းမာပင်မြို့တွင် ပိုင်ရှင်မဲ့အလောင်း တွေ့ရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာအနီးမှာ မီးရှို့ခံထားရတဲ့ ဆိုင်ကယ်တစီးနဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၁၈ ရက်နေ့ ၊ ညနေပိုင်း အချိန်က လည်ငေါက်ရွာအနောက်မြောက်ဘက်မှာ မီးရှို့ခံထားတဲ့ ဆိုင်ကယ် တစီးတွေ့ရှိခဲ့ပြီး ဆိုင်ကယ်ရဲ့ မလှမ်းမကမ်းမှာ ခန္တာကိုယ် အစိတ်အပိုင်းတွေကို ခုတ်ဖြတ်ပြီး ပီနံအိတ်ထဲထည့်ကာ အမှိုက်ပုံမှာ ပစ်ထားတဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းတခုကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  

ဒေသခံတဦးက "ပုပ်စော်နံလို့ လိုက်ရှာကြည့်ရင်းတွေ့တာ အလောင်းက ပုံပျက်နေပြီ၊ လည်ငေါက်ရွာသားတော့ မဟုတ်ဘူး။ ဆိုင်ကယ်မီးရှို့ ခံထားရတာလည်း တွေ့တယ်၊ ဒီဆိုင်ကယ်ကလည်း ရွာထဲက လူတွေရဲ့ဆိုင်ကယ်မဟုတ်ဘူး။ ၁၆ ရက်နေ့ညက လည်ငေါက်ရွာဘက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဝင်တဲ့အချိန် လမ်းမှာတွေ့တဲ့ ပြည်သူတွေကို သတ်ပြီးအလောင်းဖျောက် ခဲ့တာနေမယ်” လို့ ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “၁၆ ရက်နေ့ ညက စခ တွေ လည်ငေါက်ရွာတဲ့ ဝင်တဲ့အချိန် သတ်ခဲ့တာဖြစ်မယ်။ ရွာဘက်မှာ မီးရှို့တာကို လှမ်းမြင်လိုက်တယ်။ လည်ငေါက်ရွာကိုတော့ မီးထပ်ရှို့ပြန်ပြီလို့ ထင်နေတာ၊ မီးက ခဏပဲလောင်ပြီး ငြိမ်းသွားမှ ရွာမီးရှို့ခံရတာ မဟုတ်ဘူး။ ဘာဖြစ်တာလဲဆိုတာ သိဖို့ သူတို့ ထွက်သွားတဲ့အချိန်မှသွားကြည့်တော့ ဆိုင်ကယ်မီးရှို့ ခံထားရတာကို တွေ့တာ၊ လူသတ်ခဲ့မယ်လို့တော့ မထင်ဘူး၊ ခုမှ လူပါသတ်ခံရတယ်ဆိုတာ သိတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးသလို လည်ငေါက်ကျေးရွာက လူမဟုတ်ဘူးလို့ သိရပါတယ်။

//
More News
Up