DVB Logo
Home
မြန်မာသတင်း
ပြန်ပေးဆွဲခံရသည့် မောင်တော သင်္ဘောလှကျောင်းအုပ်ဆရာကြီးနှင့် ဆရာမပြန်မလွတ်သေး
DVB
·
June 18, 2022
ပြန်ပေးဆွဲခံရသည့် မောင်တော သင်္ဘောလှကျောင်းအုပ်ဆရာကြီးနှင့်  ဆရာမပြန်မလွတ်သေး
1 / 2
Donate to DVB

ပြန်ပေးဆွဲခံထားရတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့ သင်္ဘောလှမူလွန်ကျောင်းက ကျောင်းအုပ်ဆရာကြီးနဲ့  ဆရာမတို့ ဇွန်လ ၁၈ ရက် အထိ ပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန်လ ၁၆ ရက် နေ့လယ်က သင်္ဘောလှမူလွန်ကျောင်းကကျောင်းအုပ်ဆရာကြီးဦးဘိုဝင်းနဲ့ လက်ထောက် ဆရာမဒေါ်ဥမ္မာကျော်တို့ဟာ မောင်တောမြို့နယ်ပညာရေးမှူးရဲ့ ဆင့်ခေါ်မှုကြောင့် ဆိုင်ကယ်နဲ့အသွား တောင်ပြိုလမ်းခုလပ်တစ်နေရာမှာ ပျောက်ဆုံးသွားပြီးနောက် ပြန်ပေးသမားတွေက ဘင်္ဂလားဒေ့ရှ် တာကာငွေ သိန်း ၅၀ (မြန်မာကျပ်ငွေသိန်းတစ်ထောင်ခန့်) လောက်နဲ့ ပြန်ရွေးဖို့ ပညာရေးမှူးထံဆက်သွယ် တောင်းဆိုထားတာဖြစ်ပါတယ်။

တောင်ပြိုလက်ဝဲမြို့မှ ဆရာတစ်ဦးက  "ကျနော်တို့ မနက်ကတည်းက ကျောက်ချောင်း ကျေးရွာကို ရောက်ရှိနေကြတာပါ။ အခုထိသူတို့ နှစ်ယောက်ကို လွှတ်ပေးတာမရှိသေးပါ။ အခုအထိ စောင့်ဆိုင်းနေကြပါတယ်။"လို့ ပြောပါတယ်။

ကျောင်းအုပ်ဆရာကြီးဦးဘိုဝင်းရဲ့ညီဖြစ်သူက "ကျနော်တို့ သူတို့တောင်းတဲ့ငွေကို ဘင်္ဂလားဒေ့ရှ်ကို လွှဲပေးဖို့ မောင်တောမြို့ ဘာတာတန်းက ငွေလွဲဆိုင်တွေကို သွားရောက်ခဲ့တယ်။ ဘင်္ဂလား ငွေလွဲဆိုင်တွေကတော့ သူတို့မှာ တာကာငွေ သိန်း ၅၀ အထိငွေမရှိကြဘူးလို့ပြောတယ်။ အခုထိငွေမလွဲနိုင်သေးဘူး။"လို့  ပြောပါတယ်။

ပြန်ပေးဆွဲခံရရတဲ့ ကျောင်အုပ်ဆရာကြီးနဲ့၊ ဆရာမ ပြန်လွတ်လာမလားလို့   ဒေသခံ ကျေးရွာ ၅ ရွာက လူအင်အား ၂၀၀ လောက်နဲ့ ပညာရေးဝန်ထမ်းတွေလည်း စောင့်မျှော်နေကြပါတယ်။

မောင်တောမြို့မိမြို့ဖတစ်ဦးကတော့ "ဒီကိစ္စက လက်နက်ကိုင်ပြီး တာဝန်ယူထားကြတဲ့ အာဏာပိုင် နယ်ခြားစောင့်တွေနဲ့ဆိုင်သွားပြီး သူတို့က ဒီလိုပြန်ပေးဆွဲပြီး ထိန်းသိမ်းထားတဲ့ ကျေးရွာတွေမှာ ဖမ်းထားတာတွေကိုတောင် လိုက်လံဖော်ထုတ်မဖမ်းဆီးနိုင်ရင်။ ဒီဒေသဟာ လုံခြုံမှုဘယ်လောက်ရှိ လဲဆိုတာပြသနေတာဖြစ်တယ်။"လို့ ပြောပါတယ်။

မောင်တောဒေသမှာ လုံခြုံရေးအားနည်းမှု၊ ခြံစည်းရိုးမလုံခြုံမှုနဲ့ လမ်းပမ်းဆက်သွယ်ရေး မကောင်းမှုတို့ကြောင့် အခုလို ပြန်ပေးဆွဲခံရတာတွေ များလာတာလို့ ဒေသခံ လွှတ်တော်အမတ်ဟောင်းတွေက ပြောပါတယ်။ 

မောင်တောမြို့နယ်​ ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးထွန်းလှစိန်က "ခြံစည်းရိုးတော့ ကာထားတယ်လို့ပြောတာပဲ။ ဝင်ပေါက်ထွက်ပေါက်တွေကအများကြီး။ ခြံစည်းရိုး နဲ့ပတ်သက်လာရင် နိုင်ငံတော်အဆင့်က အထူးစဥ်းစားဖို့လိုအပ်နေတယ်။ ခြံစည်းရိုးက မလုံခြုံဘူး။ ခြံစည်းရိုး မလုံတော့ ဘယ်လောက်ပဲ စခန်းတွေချချ လုံခြုံမှုမရှိနိုင်ဘူး။"လို့ ပြောပါတယ်

မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးလှထွန်းကျော်ကတော့ မောင်တောဒေသမှာ တပ်ရင်းတပ်ဖွဲတွေများစွာရှိနေပေမဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်ပေးမှုလုံးဝမပေးဘဲ သူတို့ရဲ့ စခန်းလုံခြုံရေးလောက်သာ အဓိကထားနေကြတယ်လို့ ပြောပါတယ်။

"မောင်တောတမြို့နယ်လုံးမှာ အရင်က ကျီးကန်းပြင်ဌာနချုပ်နဲ့ ၄ မိုင်တပ်ရင်း၂ ခုသာရှိခဲ့တယ်။ အခုက ကြိမ်ချောင်းမှာလည်း နခခတပ်ရင်းတွေရှိနေပြီ။ ကျီးကန်းပြင်မှလည်းရှိနေတယ်။ တောင်ပိုင်းမှာဆိုရင်လည်း မြင်းလွတ် ၊ မောရဝတီစတဲ့ နခခ တပ်ရင်းတွေရှိနေပြီ။ ကြည့်လိုက်ရင်တော့ အင်အားက အပြည့်လို့ မြင်ရပေမဲ့ ပြည်သူတွေနဲ့ ထိတွေပြီး လှုပ်ရှားတဲ့အပိုင်းကျတော့ တော်တော်ကို အားနည်းတဲ့အပိုင်းတွေ့ရပါတယ်။ ဒီလို အားနည်းချက်တွေကြောင့် အခုလိုပြဿနာတွေပေါ်လာရတယ်။ အဲလိုဒီလိုပြဿနာတွေ ပေါ်တိုင်းလည်း ပြည်သူရှေ့က မားမားမတ်မတ်ရပ်တည်ပေးပြီး ဖြေရှင်းပေးတာ။ တခါမှ မတွေ့ရဘူး”လို့ ပြောပါတယ်။

မောင်တောမြို့နယ်မှာ နခခ တပ်ရင်းတွေ တပ်ရင်းပေါင်း ၅ ရင်း ၆ ရင်းလောက်ရှိနေပေမဲ့ မသမာသူတွေကို လိုက်လံရှာဖွေဖမ်းဆီးနိုင်တာ တခါမှ မရှိဘူးလို့ဒေသခံ လွှတ်တော်အမတ်ဟောင်းက  ပြောပါတယ်။

မောင်တောမြို့နယ်မှာ နယ်ခြားစောင့်တပ်ဖွဲ့တွေ အများအပြားရှိနေပေမြ့  မောင်တောမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေမှာ  ပြန်ပေးဆွဲ ငွေညှစ်တာတွေ မကြာမကြာ ဖြစ်ပွားနေတာပါ။

၂၀၂၁ ခုနှစ် သြဂုတ်လကလည်း  မောင်တောမြို့နယ် ပဒင်း(မွတ်ဆလင်)ကျေးရွာမှ ကျေးရွာအုပ် ချုပ်ရေးမှူး မာမွတ်ရှော်ဖီကို  အဒူလာကိန်းဓားပြအဖွဲ့ ကဖမ်းဆီးခေါ်ဆောင်သွားပြီး ရက်ပေါင်း၂၀ ခန့်ဖမ်းဆီးခံရပြီးနောက်  ဘင်္ဂလားဒေ့ရှ် ငွေ ၃ သိန်းအာမခံနဲ့  စက်တင်ဘာ ၃ ရက်မှာ လွှတ်ပေးခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လကလည်း မောင်တောမြို့မှ ပရိဘောဂရောင်းဝယ်ရေးဆိုင်ရှင် သားဖနှစ်ယောက် ပေးဆွဲခံရပြီး ငွေကြေးအမြောက်အမြားပေးပြီးမှ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

မောင်တောမြို့နယ်အတွင် ဓားပြတိုက်ခံရမှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေပေမဲ့ တရားခံတွေကိုတော့ အခုအချိန်အထိ တယောက်မှ ဖမ်းဆီးရမိ အရေးယူနိုင်ခဲ့တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013