Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း ကသာ၊ ယင်းမာပင်နှင့် မြင်းမူဒေသတွင် တိုက်ပွဲများဖြစ်ပွားပြီး
DVB
·
June 18, 2022
288996507_154588693812502_3315734401967066792_n

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ ဇွန် ၁၇ ရက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာရှိတယ်လို့ ကသာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့က ထုတ်ပြန်ပါတယ်။

ကသာမြို့နယ်အရှေ့ဘက်ကမ်းရှိ အင်းရွာတိုက်နယ်၊ ခြောက်မျက်နှာ၊ အင်းကြီးလမ်း ၁၇ ရပ်ကွက်မှာ ထိတွေ့တိုက်ပွဲတကြိမ်၊ ၁၄ ကျောက်တောင်အနီး မိုင်းဆွဲတိုက်ခိုက်မှု တကြိမ်၊ ညနေခင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတကြိမ် တိုက်ပွဲများဖြစ်ပွားရာ အဲဒီတိုက်ပွဲ သုံးကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်းသေဆုံးပြီး ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် တယောက် ကျဆုံးသွားတယ်လို့ ဆိုပါတယ်။

ကသာမြို့နယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ရှိသူက “အင်းမရွာတိုက်နယ်အတွင်း တိုက်ပွဲ သုံးကြိမ်ဖြစ်တယ်။ ကျနော်တို့ ကသာဘက်မှာ စစ်ကောင်စီက အင်အားတိုးချဲ့ထားတယ်။ ရွာတော်တော်များများ စစ်ကြောင်းထိုးပတ်‌မွှေပြီး ပြည်သူနေအိမ်တွေ လိုက်မီးရှို့နေတဲ့ ကောင်တွေ ကျောက်တောင်ဘက်မှာ မိုင်းဆွဲတာနဲ့ လက်နက်ကြီးနဲ့ တိုက်ခိုက်တာ သူတို့ ( စစ်ကောင်စီတပ်ဖွဲ့ ) အတော်အထိနာတယ်။ ကျနော်တို့ဘက်ကတော့ ရပ်ကျေး ပကဖ ရဲဘော် တဦးကျဆုံးသွားခဲ့တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တရက်တည်းမှာပဲ ကသာမြို့အနီး ကားကြီးကွင်းအနောက်ဘက်၊ ငါးကန်အနီးမှာ ထမင်းထိုင်စားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၆၀ လောက်ကို နေ့လယ် ၂ နာရီလောက် ကသာ ပကဖ နဲ့ ABSDF ပူးပေါင်းပြောက်ကျားအဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်းသေဆုံးပြီး ဒဏ်ရာအများအပြား ရရှိသွားတယ်လို့ ထုတ်ပြန်ချက်ထားပါတယ်။

ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်‌တွေကိုတော့ ညနေ ၄ နာရီမှာ ကန်တာကားတစ်စီးနဲ့ အပြည့်သယ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

ဇွန် ၁၂ ရက်ကလည်း ကသာမြို့နယ်နဲ့ မဘိမ်းမြို့နယ်အကြား ကသာမြို့နယ်ဘက်ခြမ်းရှိ လှေဘိုကျေးရွာက တံခွန်တိုင်အခင်းစုအနီးမှာ ‌ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပါဝင်  ABSDF  ပူးပေါင်းအဖွဲ့တို့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် လှေဘိုကျေးရွာက စစ်ရှောင်ပြည်သူ ၄ ဦးသေဆုံးသွားပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း ဇွန် ၁၇ ရက်နေ့လယ် ၁ နာရီကျော်လောက်က ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို PDF အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ မုံရွာ- ယာကြီး- ကလေးဝ လမ်းပိုင်းပေါ်မှာဖြစ်ပြီး ၅ မိုင်တိုးဂိတ်နဲ့ မြေဖွေးတောင်ကြားတစ်နေရာမှာ တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်တာကို "ချိုမိုင်မိုင်"ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစု၊ "အမိမြေ" တော်လှန်ရေးတပ်ဖွဲ့နဲ့ Yinmarbin Local PDF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း၊ ပွိုင့် ၅ ခု အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်လာတာကြောင့် စစ်ကောင်စီတပ်သား ၅ ၅ ယောက် သေဆုံးခဲ့သလို ဒဏ်ရာရရှိတဲ့သူတွေလည်း ရှိခဲ့တယ်လို့ "ချိုမိုင်မိုင်" ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစု ခေါင်းဆောင်က ပြောပါတယ်။

မိုင်းထိမှန်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို အောင်ဇေယျကွက်သစ် (ဒေသခေါ် ရွှေတောင်ဦးကုန်း) မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကားတစီးနဲ့ လာသယ်သွားတယ်လို့ ဆိုပါတယ်။

ဘန့်ဘွေးရွာမ ကျေးရွာအတွင်း တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်  အင်အား ၂၀ လောက် မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး ဘန့်ဘွေးရွာမကျေးရွာကနေ မုံရွာ-ယာကြီး-ကလေးဝလမ်းအတိုင်း အရှေ့ဘက်ကို ဦးတည်သွားနေစဥ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းမှာလည်း စစ်ကိုင်းကနေ မုံရွာဘက်ကိုသွားတဲ့ စစ်ကောင်စီတပ်ယာဉ်တန်း ဇွန် ၁၆ ရက် နေ့လယ် ၁ နာရီကျော်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်ကား ၂၈ စီးကို အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) နဲ့ တပ်ခွဲ DK PDF (MMU) အဖွဲ့တို့က အလ္လကပရွာနဲ့ ဝမ်းပြည့်ရွာကြားမှာ ပဒေသာမိုင်း ၇ လုံးခွဲပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

PAFD တာဝန်ရှိသူတဦးဖြစ်တဲ့ တေဇက “ပစ်တာခတ်တာ မရှိခဲ့ဘူး။ ကျနော်တို့ဘက်က အထိအခိုက်မရှိဘူး။ သူတို့ဘက်ကတော့ ရှိနိုင်တယ်” လို့ ပြောပါတယ်။

သွားလာနေတဲ့ မျက်မြင်ပြည်သူတွေရဲ့ ပြောကြားချက်အရ အထိအခိုက်များပြီး သွေးတွေအိုင်ကျန်နေတယ်လို့ စုံစမ်းသိရှိရကြောင်း PAFD က ထုတ်ပြန်ထားပါတယ်။

အဆိုပါ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေသေဆုံး ဒဏ်ရာရတဲ့ အရေအတွက်နဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို  စစ်ကောင်စီပြန်ကြားရေးကလည်း စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရတဲ့ အခြေအနေကို သတင်းထုတ်ပြန်တာမရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024