
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ ပင်းတယမြို့မှာ ဇွန် ၁၈ ရက် မနက်က ကြံ့ခိုင်ရေးပါတီဝင် အမျိုးသား တယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံးသူဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ရေးပါတီကနေ လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ်ခဲ့သူ ဖြစ်တယ်လို့ မြိုခံတယောက်က ပြောပါတယ်။
"ပင်းတယမြို့မှာ ဒလန်လို့နာမည်ကြီးနေတဲ့ ဦးကျော်ငြိမ်းပစ်သတ်ခံရတယ်။ သူက စစ်တပ်ကို ကိုယ်တိုင်အားပေးအားမြှောက်လုပ်တယ်။ ဘယ်သူတွေပစ်သွားတာလဲတော့မသိရသေးဘူး။”
ပစ်သတ်ခံရတဲ့ ဦးကျော်ငြိမ်းနဲ့ ပတ်သက်ပြီး ဒေသခံရဲ့ ပြောဆိုမှုနဲ့ပတ်သက်လို့ မှန်ကန်မှုရှိမရှိ သူ့ရဲ့ မိသားစုဝင်တွေဘက်ကိုတော့ ဆက်သွယ်မေးမြန်း နိုင်ခြင်းမရှိသေးပါဘူး။
ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းမထုတ်ပြန်သေးသလို ဘယ်အဖွဲ့အစည်းက ကျူးလွန်တယ်ဆိုတာမသိရသေးဘူးလို့ ဒေ သခံတွေကဆိုပါတယ်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယနဲ့ ရွာငံမြို့နယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လူငယ်တွေဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးချုပ်နှောင်ခံနေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီဒေသမှာနေထိုင်တဲ့ ဒီမိုကရေစီလိုလားသူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ အပြစ်မဲ့ရွာသားတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးချုပ်နှောင်ညှဉ်းပန်းနှိပ်စက်တာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေပေါင်းကာ ဆက်တိုက်ကျူး လွန်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ခုခံကာကွယ်ရေးတပ်ဖွဲ့ (PDF)တပ်ဖွဲ့ တချို့ဖွဲ့စည်းလာပြီး စစ်အာဏာရှင်ကို လက်နက်စွဲ ကိုင်တော်လှန်နေကြပြီး တိုက်ပွဲတွေမှာ PDFရဲဘော်တချို့ ထိခိုက်ဒဏ်ရာရ ကျဆုံးတာတွေလည်း ရှိခဲ့ပါတယ်။