မြစ်ကြီးနား လေတပ်စခန်း တိုက်ခိုက်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး အထက်မော်ဖောင်းရပ်ကွက်ရှိ လေတပ်စခန်းကို ဇွန် ၁၇ ရက်နေ့ ည ၇ နာရီ‌ကျော်လောက်မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီး စစ်ကောင်စီလေတပ်စခန်းမှာ သေနတ်အတွဲလိုက်ပစ်သံ ၁ နာရီလောက်ကြားရပြီး လက်နက်ကြီးအသံတွေပါ ကြားရတယ်လို့ ဆိုပါတယ်။’

မြို့သစ်ကြီးရပ်ကွက်နေသူတဦးက "ည ၇ နာရီခွဲလောက်က စကြားရတာပါ။ ည ၈ နာရီခွဲလေက်အထိကို ကြားရတယ်။ သေနတ်နဲ့ အတွဲလိုက်ပစ်တာ။ လက်နက်ကြီးနဲ့ ထုတာ အကုန်ကြားနေရတယ်။ အဲ့ဒီဘက်သွားတဲ့လမ်းက ည ၆ နာရီကနေ မနက် ၆ နာရီအထိ လမ်းပိတ်ထားတော့ ဘယ်လိုဖြစ်လဲ ဆိုတာမသိရဘူး” လို့ ပြောပါတယ်။

မြစ်ကြီးနား လေတပ်ဌာနချုပ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီ သင်တန်းဆင်းတပ်ဖွဲ့တွေ အပြောင်းအရွှေ့ ပြုလုပ်နေတဲ့အတွက် လာရောက်ပစ်ခတ်တာဖြစ်နိုင်တယ်လို့  ပမ္မတီးရပ်ကွက်နေသူတဦးက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတဦးက “တိုက်ပွဲဖြစ်လို့ သူတို့အထိနာလာရင် လေယာဉ်နဲ့ ဗုံးကြဲတယ်၊ အပေါ်ကနေပစ်တယ်။ အခုလို လေယာဉ်ကွင်းကိုတိုက်တာ တော်လှန်ရေးကာလမှာ ဒါပထမဆုံးပဲ” လို့ ပြောပါတယ်။ 

ပစ်ခတ်ခံရတဲ့ လေတပ်ရှိရာလမ်းကို အောင်ဇေရန်အောင် ဘုရားရှေ့ကနေ ပမ္မတီး ကျောင်းနားအထိ စစ်ဆေးရေးဂိတ်လုပ်ပြီး ည ၆ နာရီကနေ မနက် ၆ နာရီအထိ နေ့စဉ် ပိတ်ထားတယ်လို့ ဆိုပါတယ်။ 

လေတပ်စခန်း ပစ်ခတ်ခံရတာကြောင့် ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဇွန် လ ၁၅ ရက်နေ့ကလည်း အင်းတော်၊ ကသာလမ်းပိုင်းတလျှောက် ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ စစ်ကောင်စီယာဉ်တန်းကို နှစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

//
More News
Up