
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာက စစ်ကောင်စီ တပ်ဖွဲ့ဝင်တဦးကို ဇွန် ၁၇ ရက်နေ့ နေ့လယ်ပိုင်းမှာ အေအေ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
တိမ်ညိုကျေးရွာရဲစခန်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေပါ တပ်စွဲနေပြီး အခုအဖမ်းခံရသူဟာ စစ်သားလား၊ ရဲသားလားဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်သေးဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။
အဖမ်းခံလိုက်ရတဲ့သူမှာ အသက် ၄၀ ဝန်းကျင်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်ဖြစ်ပြီး ရွာထဲသို့ အလာမှာ အေအေ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတဦးက ပြောပါတယ်။
“အဖမ်းခံလိုက်ရတာက မနက် ၉ နာရီကျော်လောက်မှာပါ ဖမ်းသွားတာ။ ရဲသားလား၊ စစ်သားလားဆိုတာတော့ ဘယ်သူမှ မသိရသေးဘူး။ စခန်းမှာက စစ်သားရော ရဲသားတွေပါရှိကြတယ်။ ဒီနေ့ စခန်းကနေ ရွာထဲကို စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ယောက်လာကြတာ။ ရွာထဲ အရောက်လောက်မှာ ဖမ်းသွားတာဖြစ်ကြတာဖြစ်တယ်။ တယောက်ကတော့ ထွက်ပြေးလို့လွတ်သွားတယ်။ ကျန်တယောက်ကတော့ အဖမ်းခံလိုက်ရတယ်။ အရပ်ဝတ်တွေနဲ့ ရွာထဲကို လာတာဆိုတော့ စစ်သားလား၊ ရဲသားလား ဆိုတာမသိရသေးဘူး။ ဖမ်းသွားတုန်းကတော့ ရဲစခန်းမှူးနဲ့ တပ်ဖွဲ့ဝင်တချို့ လာစစ်ဆေးတာတွေရှိခဲ့တယ်။ အခုကတော့ ရွာထဲမှာ တိတ်ဆိတ်နေကြတယ်။ ရွာသားတွေကတော့ ညအချိန်မှာ စစ်တပ်ကဝင်ပြီး စစ်ဆေးမှာကို ကြောက်နေကြရတယ်” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း တိမ်ညိုကျေးရွာမှာ တာဝန်ကျနေတဲ့ ရဲစခန်းမှူးတဦး အရက်ဆိုင်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ဒါ့အပြင် ဇွန်လ ၁၁ ရက်နေ့က ကျောက်တော်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးဖမ်းဆီးခံခဲ့ရသလို ဇွန် ၁၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးကို အေအေက ဖမ်းဆီးခဲ့ပါတယ်။
ပုဏ္ဏားကျွန်းမြို့မှာ ဇွန်လ ၁၆ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တဦး ဖမ်းဆီးခံထားရတာကြောင့် မြို့ခံ ၁၁ ဦးကို စစ်တပ်က ဖမ်းဆီးထားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ULA တာဝန်ခံများကို နေအိမ်အထိ လိုက်လံဖမ်းဆီးနေတာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ပြန်ပြီးဖမ်းဆီးနေတာလို့ ဇွန်လ ၁၄ ရက်နေ့က ပြုလုပ်တဲ့ အေအေရဲ့ သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော်(အေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့ပါတယ်။