DVB Logo
Home
မြန်မာသတင်း
လူကုန်ကူးသူကို သေဒဏ်ချမှတ်နိုင်သည့် ဥပဒေသစ်တရပ် စစ်ကောင်စီပြဋ္ဌာန်း
DVB
·
June 17, 2022
လူကုန်ကူးသူကို သေဒဏ်ချမှတ်နိုင်သည့် ဥပဒေသစ်တရပ် စစ်ကောင်စီပြဋ္ဌာန်း
Donate to DVB

လူကုန်ကူးသူတွေကို အမြင့်ဆုံး သေဒဏ်အထိ ပြစ်ဒဏ် ချမှတ်နိုင်တဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပဒေ သစ်တရပ်ကို  အာဏာသိမ်း စစ်ကောင်စီက ဇွန် ၁၆ ရက်မှာ အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။

ဒီဥပဒေရဲ့ အခန်း(၁၀)မှာ ဖော်ပြချက်အရ ပြစ်မှုပြစ်ဒဏ်နဲ့စပ်လျဉ်းပြီး ဘယ်သူမဆို အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို လူကုန်ကူးမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တသက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်လို့ ဖော်ပြထားပါတယ်။

တကယ်လို့ လူကုန်ကူးခံရသူကို သေဆုံးစေခြင်း သို့မဟုတ် သူတပါးရဲ့ အကူအညီကို အမြဲတမ်းရယူရတဲ့ မသန်စွမ်းခြင်းဖြစ်စေတဲ့အထိ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထိုသူကို သေဒဏ်ချမှတ် ရမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လူကုန်ကူးခံရမှု အရေးနဲ့ ပတ်သတ်လို့ ဆောင်ရွက်ရာမှာ ဥပဒေကြောင်း တခုတည်းနဲ့ အလုပ်မဖြစ်ဘူးလို့ ဥပဒေရေးရာကျွမ်းကျင်သူတွေက ထောက်ပြပြောပါတယ်။

တရားစီရင်ရေးနဲ့ဥပဒေရေးရာ ကျွမ်းကျင်သူတဦးက “လူကုန်ကူးခံရမှု ဆိုတာမျိုးက ဖော်ထုတ်လို့ရှိရင်လည်း ဖော်ထုတ်ဖို့ အင်မတန်မျှ ခက်ခဲတယ်။ တိတိကျကျ ဥပဒေ တခုနဲ့ ခိုင်ခိုင်လုံလုံ အပြစ်ပေးရုံနဲ့ လည်း မရဘူးနော်။ ဘာကြောင့်လဲဆို လူကုန်ကူးခံရတဲ့ အများစုက ရွှေ့ပြောင်း အလုပ်သမားလိုလို၊ လူကုန်ကူးခံရသူလိုလို ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်းဖြစ်အောင် တိုင်ကြားနိုင်ခြင်း မရှိလို့ဘဲ။ နှစ်ကြာပြီးမှဘဲ (case) ဒီဖြစ်ရပ်က ပြန်ပေါ်လာကြတယ်။ ပြီးတော့ အဲ့ဒီလို ပြစ်မှုကျူးလွန်သူကလည်း သူက တခြားနေရာ ပြောင်းသွားပြီဖြစ်လို့ ဘယ်လိုမျှ လိုက်ရှာလို့ မရတော့ဘူး။ ဆိုတော့ ဒါက ကိုင်တွယ်န်ိုင်ဖို့က ဥပဒေ သဘော သက်ရောက်ပေမယ့် အစိုးရရဲ့ လုပ်ဆောင်နိုင်မှု အတိုင်းအတာရယ်၊ ကာယကံရှင်ကလည်း သူကြုံတွေ့ရတဲ့ဟာကို အချိန်ကြာမှ သိတာဖြစ်လို့ သက်သေခံ အထောက်အထားတွေနဲ့ အင်မတန်မျှ အလှမ်းဝေးသွားပြီ ဆိုတော့ အမှုလိုက်ရတာ အင်မတန်မှ ခက်ခဲသွားစေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လူကုန်ကူးခံရတဲ့ အဓိကအကြောင်းရင်းတွေအထဲမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာတဲ့ အချက်နဲ့လည်း ဆက်စပ်မှု ရှိနေတာပါ။

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မှ ဒေသခံတဦးက “အလုပ်အကိုင် အခွင့်အလမ်းတွေက မရှိကြဘူးလေ။ ဒါကြောင့် ဘင်္ဂါလီတွေ တင်မက ရခိုင်တွေလည်း အလုပ်အကိုင်ရရှိဖို့ နိုင်ငံခြား ထွက်ကြတာ များလာတယ်။ အဲ့ဒီ့လို ပြည်ပကို ထွက်တဲ့အချိန်မှာ လူကုန်ကူးမှုတွေ ရှိလာတယ်။ လူကုန်ကူးမှုကလည်း စီးပွားရေး တခုလို ဖြစ်နေပြီး ဂိုဏ်းဂဏတွေနဲ့ လုပ်လာကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဥပဒေပါ အဓိပ္ပါယ်ဖော်ပြချက်အရ လူကုန်ကူးခံရသူ ဆိုသည်မှာ လူကုန်ကူးခံရသူ အဖြစ် ဤဥပဒေအရ စိစစ်ဖော်ထုတ်၍ သတ်မှတ်ခြင်း ခံရသူကို သော်လည်းကောင်း၊ လူကုန်ကူးမှု ကျူးလွန်ခြင်း ခံရသူကို သော်လည်းကောင်း လို့ သတ်မှတ်ထားပါတယ်။

လူကုန်ကူးမှုတွေကို အမျိုးသားရေးတာဝန်တရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့်ထိရောက်စွာ တားဆီးဖို့၊ လူကုန်ကူးခံရသူတွေ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ လူကုန်ကူးမှုကျူးလွန်သူတွေကို ထိရောက်မြန်ဆန်စွာစုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူဖို့ ရည်ရွယ်ပြီးလုပ်ဆောင်တာလို့ ဥပဒေမှာဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှုတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်းမရှိတဲ့နိုင်ငံတွေ စာရင်းမှာ   ဖော်ပြ ခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013