မန္တလေးတိုင်း၊ မိုးကုတ်မြို့ ဘောလုံးကြီးရွာအတွင်းက မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူ ၄ ယောက်ကို လက်နက်ကိုင်အဖွဲ့တခုက ဝင်ရောက်ရိုက်နှက် သတိပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၁၅ ရက် ည ၁၂ နာရီလောက်က အခုလို ရိုက်နှက်ခဲ့တာဖြစ်ပြီး ရိုက်နှက်ခံရသူတွေဟာ လမ်းတောင်မလျှောက်နိုင်တော့ဘဲ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့ရဲ့ အဲဒီ ဘောလုံးကြီးရွာထဲမှာ မူးယစ်ဆေးကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ်နေတာမျိုးရှိပြီး ကျေးရွာအဝင်မှာကတည်းက အများစု ရောင်းဝယ်နေကြတာတွေရှိကာ မိုးကုတ်မြို့ထဲထိတောင် မူးယစ်ဆေးဝါးတွေ ပေါ်ပေါ်ထင်ထင် လာပို့တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လာရောက်ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းကတော့ ဘယ်အဖွဲ့အစည်းဖြစ်တယ် ဆိုတာကို မသိရှိရဘဲ မူးယစ်ဆေးဝါး ရောင်းဝယ်သူတဦးနဲ့ သုံးစွဲသူ ၃ ဦးကို ရိုက်နှက်ပြီး ရွာလယ်ခေါင်က ဓာတ်တိုင်မှာ ကြိုးချည်ထားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဒေသမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ များပြားနေတဲ့အတွက် ရာဇဝတ်မှုတွေ ပေါများလာပြီး ရွာထဲမှာလည်း မကြာခဏဆိုသလို ပစ္စည်းပျောက်တာတွေ၊ ခိုးယူခံရတာတွေ ရှိနေတဲ့အတွက် အခုလို အရေးယူမှုတွေ လုပ်စေချင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး မိုးကုတ်မြို့တွင်းမှာ မူးယစ်ဆေးရောင်းဝယ်တာတွေ၊ သုံးစွဲသူတွေ များလာပြီး ကျောက်မျက်လုပ်ငန်း လုပ်ကွက်တွေမှာ အဓိကရောင်းဝယ်နေတယ်လို့လည်း သိရပါတယ်။