မောင်တောတွင် ပျောက်ဆုံးနေသည့် ပညာရေးဝန်ထမ်း ၂ ဦး ပြန်ပေးဆွဲခံနေရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့အပိုင် သင်္ဘောလှကျေးရွာမှ ပျောက်ဆုံးနေတဲ့ မူလွန်ကျောင်းအုပ်၊ ကျောင်းဆရာမတို့နဲ့ အဆက်အသွယ်ရရှိပြီး ပြန်လွှတ်ပေးဖို့အတွက် ပြန်ပေးဆွဲဖမ်းဆီးထားသူတွေက ဘင်္ဂလားဒေ့ရှ်ငွေ သိန်း ၅၀ တောင်းနေတယ်လို့ မောင်တောမြို့နယ် ပညာရေးမှူး ဦးအောင်စံကျော်က အတည်ပြုပြောဆိုပါတယ်။

"ကျောင်းအုပ်ဘိုဝင်းနဲ့ အဆက်အသွယ်ရတယ်။ ဖမ်းထားသူတွေဘက်က ဘင်္ဂလားငွေ သိန်း ၅၀ တောင်းတယ်။ ပြောတာကတော့ ဘင်္ဂါလီစကားနဲ့ဖြစ်တယ်။ အခု သူတို့မိသားစုတွေ မောင်တောကို လာနေကြတယ်။ အဓိက မိသားစုသဘောဆန္ဒတွေအရ ဆောင်ရွက်သွားမှာပါ။ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေကတော့ သူတို့အလုပ် သူတို့လုပ်ကြပါလိမ့်မယ်။"

ပျောက်ဆုံးနေသူ ၂ ယောက်ဟာ သင်္ဘောလှကျေးရွာ မူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်ဖြစ်ပြီး သူတို့ဟာ ဇွန် ၁၆ ရက် နေ့လယ်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးက ဆင့်ခေါ်တဲ့အတွက် ဆိုင်ကယ်တွေနဲ့ မောင်တောကို ဆင်းလာကြစဥ် လမ်းမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

သူတို့ကိုလိုက်ရှာနေတဲ့ ​​ကျောင်းဆရာ ကိုမောင်မောင်က "ကျနော်တို့ လိုက်ရှာတဲ့လူဦးရေ ၂၀၀ လောက်ရှိတယ်။ ကျောက်ချောင်းကျေးရွာသွားလမ်းမှာ ဆရာကြီးဦးဘိုဝင်းရဲ့အိတ်နဲ့ ဆရာမ ဥမ္မာကျော်ရဲ့ဖိနပ် တွေ့တယ်။ ဖမ်းခေါ်သွားသူတွေရဲ့ အသုံးအဆောင်တွေ တွေ့ရတယ်။ ကျနော်တို့ ဆက်လိုက်ရှာနေကြစဥ် ပညာရေးဌာနက သူတို့နဲ့ အဆက်အသွယ်ရတယ်လို့ ဖုန်း​နဲ့အကြောင်းကြားလာတော့ နယ်ခြားစောင့်တွေက ကျနော်တို့ကို ပြန်ခိုင်းတယ်။ သူတို့ကျန်ခဲ့ကြတယ်" လို့ ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ သင်္ဘောလှမူလွန်ကျောင်းအုပ်ကြီးနဲ့ ဆရာမတို့ကို နံ့သာတောင်၊ တောင်ပြို၊ သင်္ဘောလှ၊ သာယာကုန်း၊ မီးတိုက် စတဲ့ကျေးရွာသားတွေနဲ့ အဲဒီကျေးရွာတွေက ပညာရေးဝန်ထမ်း ဆရာတွေက အဖွဲ့ ၇ ဖွဲ့ခွဲပြီး လိုက်လံရှာဖွေကြရာ ကျောက်ချောင်းအုပ်စုမှ အခုလိုတွေ့ရှိခဲ့တာဖြစ်ကြောင်း ပညာရေးဝန်ထမ်းတွေထံက သိရပါတယ်။

//
More News
Up