DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်စစ်ရှောင်စခန်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၃ ဦး သေဆုံး
DVB
·
June 17, 2022
ကွတ်ခိုင်စစ်ရှောင်စခန်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၃ ဦး သေဆုံး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲက စစ်ရှောင်စခန်းမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင် ၃ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာပြင်းထန်စွာ ရရှိသလို စစ်ရှောင်တွေ ထပ်မံထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ကွတ်ခိုင်မြို့နယ် ဇွပ်အောင် စစ်ရှောင်စခန်းမှာ ဇွန် ၁၇ ရက် ဒီကနေ့မနက် ၁၁ နာရီလောက်က လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၃ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဇွပ်အောင် စစ်ရှောင်တယောက်က ပြောပါတယ်။

“ကျနော်တို့ ၁၁ နာရီဝန်းကျင်မှာ စစ်ရှောင်စခန်းထဲမှာ လက်နက်ကြီး နှစ်လုံးကျတယ်။ ကျနော်တို့ စစ်ရှောင်ပြည်သူ သုံးယောက်ဆုံးသွားတယ်။ တယောက်ကတော့ စိုးရိမ်ရတဲ့ အနေအထား ဒဏ်ရာတွေ ရသွားတာပေါ့။ လက်နက်ကြီးစတွေ ထိပြီးတော့ စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်။”

သေဆုံးသူတွေကတော့ ဒေါ်နမ်လန် အသက် ၅၆ နှစ်၊ ဆရာမဒေါင်နော အသက် ၂၈ နှစ်၊ သားအမိ နှစ်ယောက်နဲ့  ဒေါ်ယော်လွမ် ၅၂ နှစ်တို့ ဖြစ်ပါတယ်။ အသက် ၈၂ နှစ်အရွယ် ဦးလအောင်ကတော့ စိုးရိမ်ရတဲ့ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

ဇွပ်အောင်စစ်ရှောင်စခန်းမှာ စစ်ဘေးရှောင် ၁,၀၀၀ ကျော်ရှိပြီး လက်ရှိအခြေအနေမှာတော့ အဓိက ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေကို ကွတ်ခိုင်မြို့ပေါ် နေရာရွှေ့ပြောင်းပေးနေရပါတယ်။

စစ်ဘေးရှောင်ဒေသခံတွေဟာ မိုးရာသီအချိန် အခုလို စစ်ဘေး ထပ်မံစစ်ရှောင်နေရတဲ့အတွက် အစားအသောက်၊ ဆေးဝါးနဲ့ အမိုးအကာတွေ လိုအပ်နေကြောင်းလည်း ဇွပ်အောင်စစ်ရှောင်သူက ပြောပါတယ်။

“ဒီမှာကျတော့ မိုးတွင်းဆိုတော့လေ ဆေးဝါးတွေ၊ မိုးကာတွေ၊ ပြီးတော့ ဓာတ်မီးတွေဘာတွေ လိုအပ်တာပေါ့။ ဒီဘက်မှာကတော့ ကျနော်တို့ ကုန်စုံဆိုင် ကြီးကြီးမားမားလည်း မရှိဘူး။ ဈေးတွေလည်းတက်တော့ စားစရာလည်း နည်းနည်းအခက်အခဲ ဖြစ်နေတာတွေလည်း ရှိတယ်။ ကိုယ့်မှာ တခုခုဝယ်စားဖို့ ပိုက်ဆံရှိရင်တောင် ဆိုင်မရှိတဲ့ အခြေအနေ ရောက်နေတယ်။”

အလားတူ ကွတ်ခိုင်မြို့နယ် မန်ဆာ စစ်ရှောင်စခန်းက စစ်ရှောင်တဦးက “ကျမတို့ မန်ဆာကလည်း တိမ်းရှောင်နေတယ်။ မနေ့က တနေကုန်က လက်နက်ကြီးတွေ   Camp (စခန်း) ထဲမှာလာကျလို့ ကံကောင်းတယ်၊ လူတော့မထိဘူး။ ဒါပေမဲ့ နွားနှစ်ကောင်ထိတယ်။ ခြေထောက်ကျိုးသွားတယ်။ မနေ့က တနေကုန် ကျမတို့လည်း ဟိုပြေးဒီပြေး ရတယ်။ အခု ဒီမနက်အစောကြီး ထပြီးတော့ ကျမတို့ လွယ်ကန် (ကျေးရွာ) မှာ ရောက်သွားတယ်။ Campထဲမှာ ဘယ်သူမှမရှိတော့ဘူး။”

ကွတ်ခိုင်မြို့နယ်မှာ အဆိုပါ စစ်ရှောင်စခန်းတွေနဲ့ သိပ်မဝေးတဲ့နေရာမှာ မနေ့ ဇွန် ၁၆ ရက်က စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့တယ်ဆိုပေမဲ့ အရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒီလိုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  စစ်ရှောင်စခန်းကို ခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာလို့လည်း ဇွန်အောင်စစ်ရှောင်တယောက်က ပြောပါတယ်။

“စစ်ရှောင်တွကို ဒီလိုလက်နက်ကြီးနဲ့ ပစ်တာကတော့ဗျာ တမင်တကာပစ်တယ်လို့ပဲ ကျနော်တို့ယုံကြည်တယ်။ စစ်ရှောင်မှာ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမှလည်း မရှိဘူး။ စစ်ရှောင်ကိုတော့ ဒီလို လက်နက်ကြီးနဲ့ မပစ်ဖို့လည်း ကျနော်တို့ တောင်းဆိုချင်တယ်။ စစ်ရှောင်ထဲမှာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှလည်း လက်နက်တွေ၊ ဝတ်စုံတွေနဲ့ မလာဖို့လည်း ကျနော်တို့ တောင်းဆိုချင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013