Home
မြန်မာသတင်း
ယင်းမာပင်တွင် တိုက်ပွဲကြောင့် ဒေသခံထောင်ချီထွက်ပြေး၊ PDF ရဲဘော်သုံးဦးကျဆုံး
DVB
·
June 17, 2022

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ ဇွန် ၁၆ ရက် မနက်ပိုင်းက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံထောင်နဲ့ချီ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာမြို့ရဲ့ တောင်ဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကို ဦးတည်ပြီး လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့အတူ လက်နက်၊ ကျည်အပြည့်အစုံပါရှိတဲ့ ယာဉ်တန်းတွေလည်း  ယင်းမာပင်မြို့ဘက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးနေပြီး စစ်ကောင်စီတပ်ဖွဲ့ သတ်ဖြတ်ထားတဲ့ ရုပ်အလောင်း ၃ ခု တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တွေ့ရှိခဲ့ရတဲ့ ရုပ်အလောင်းတွေဟာ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်မှုမှာ ပါဝင်တဲ့ PDF ရဲဘော် ၃ ဦးဖြစ်ပြီး ဇွန် ၁၅ ရက်နေ့က ပုလဲမြို့နဲ့ ယင်းမာပင်မြို့ကြား တနေရာ တိုက်ခိုက်မှုဖြစ်စဥ်မှာ ပါဝင်တဲ့ ရဲဘော်တွေဖြစ်တယ်လို့ PDF ရဲဘော်တဦးက ပြောပါတယ်။

အဲဒီရဲဘော် ၃ ဦးဟာ ယင်းမာပင်မြို့နယ် တွေ့မရှောင် PDF အဖွဲ့ဝင်တွေဖြစ်ပြီး ပုလဲမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဥ်တန်းကို လက်တောင်းငယ်ကျေးရွာနဲ့ သရက်ကန်ကျေးရွာကြား တနေရာမှာ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ရဲ့ ရှေ့ပြေးအဖွဲ့နဲ့ နောက်ချန်အဖွဲ့တွေရဲ့ ပိတ်ဆို့တာခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရဲဘော် ၁ ဦးကတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးထိမှန်ခံခဲ့ရာ နေရာမှာတင် သေဆုံးခဲ့ရပြီး ကျန် ၂ ဦးကတော့ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာ ခံခဲ့ရကြောင်း၊ အဲဒီ ဖမ်းဆီးခံရတဲ့ ရဲဘော် ၂ ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ရက်စက်စွာ သတ်ဖြတ်ထားခဲ့ပြီး သူတို့ရဲ့မျက်နှာတွေမှာလည်း ဓားနဲ့မွှန်းထားတဲ့ ဒဏ်ရာတွေ တွေ့ခဲ့ရတယ်လို့ PDF ရဲဘော်က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ယာဥ်တန်း ၁၀၀ ဝန်းကျင်လောက်ဟာ ဇွန် ၁၆ ရက်က ယင်းမာပင်မြို့တွင်းကို ရောက်ရှိလာခဲ့ပြီး ဒီနေ့ ဇွန် ၁၇ ရက်မှာတော့ မုံရွာ(နမခ)ဘက်ကို ခရီးဆက်လက်ထွက်ခွာမယ့် အနေအထားရှိကာ ယင်းမာပင်မြို့ အရှေ့ဘက်မှာရှိတဲ့ မြို့သစ်ကျေးရွာနဲ့ ရိုးမတိမ်ရွာသာကျေးရွာတွေဘက်ဆီကို စစ်ကြောင်းနှစ်ခုခွဲကာ ရှေ့ပြေးအဖြစ် လှုပ်ရှားနေကြောင်းနဲ့ လက်နက်သံတွေလည်း ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြို့အနီး တိုက်ပွဲပြင်းထန်နေတဲ့အတွက် နှောရိုးရွာ၊ ကောင်းဆင့်ရွာ၊ ရွာသာယာရွာ၊ မြို့သစ်ရွာ၊ ဇီးဖြူပင်ရွာ၊ သက္ကယ်ပြုရွာ၊ မင်းဇူးရွာ၊ လည်ငေါက်ရွာ၊ တမာပင်ခွရွာ၊ ငါးမောင်းရွာ စတဲ့ကျေးရွာတွေက ဒေသခံထောင်ချီ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024