ကြံခင်းမြို့တွင် ဒုရဲအုပ် ၁ ဦး ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ခတ် သတ်သေ

ဧရာဝတီတိုင်း၊ ကြံခင်းမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုရဲအုပ်တယောက် ရခိုင်ပြည်နယ်ကို မပြောင်းရွေ့ချင်တဲ့အတွက် ဇွန် ၁၅ ရက် ညပိုင်းက မိမိကိုယ်ကိုယ်  သေနတ်နဲ့ပစ်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြံခင်းဘိလပ်မြေစက်ရုံရှေ့ ရဲကင်းမှာ တာဝန်ကျနေတဲ့ ဒုရဲအုပ်ဟာ ပြောင်းလာပြီး ၆ လမပြည့်ခင်မှာ ရခိုင်ပြည်နယ်ကိုပြောင်းရွှေ့ဖို့ အမိန့်ထွက်လာတာကြောင့် မိန်းမဖြစ်သူနဲ့ စကားများပြီး ညပိုင်းမှာ သေနတ်နဲ့ပစ်ပြီး သေဆုံးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

“များတာတော့ ညနေစောင်းမှာ စကားများတာ၊ ဒီတိုင်းပြီးသွားမယ်လို့ ထင်ထားတာ။ ညဦးပိုင်းရောက်တော့ သေနတ်သံ ၃ ချက်ကြားရတယ်။ စိတ်ဆိုးပြီး မိုးပေါ်ထောင်ဖောက်တယ်လို့ပဲထင်တာ။ သေတာ မနက်မှသိရတာ။”

သေဆုံးသွားတဲ့ ရဲကင်းမှူး ဒုရဲအုပ်ဟာ ရခိုင်ပြည်နယ်ကို မပြောင်းချင်တာကြောင့် စိတ်ညစ်နေချိန် မိန်းမဖြစ်သူနဲ့ စကားများကာ အခုလိုလုပ်သွားတာဖြစ်ပြီး သေဆုံးသူ ဒုရဲအုပ်ရဲ့အလောင်းကို မနက်ပိုင်းမှာ ခရိုင်မှူးနဲ့ မြို့နယ်မှူးတို့ လာရောက်စစ်ဆေးခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

သေဆုံးခဲ့တဲ့ ဒုရဲအုပ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နုတ်ထွက်ခွင့်တင်ထားသူဖြစ်ပြီး နုတ်ထွက်ခွင့်မရတဲ့အပြင် ရခိုင်ပြောင်းရွှေ့ရတာကြောင့် ခုလိုမျိုး စိတ်ဓာတ်ကျပြီး သေနတ်နဲ့ပစ် သေဆုံးသွားတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လပိုင်းမှာပဲ ဧရာဝတီတိုင်းက ရဲတပ်သားကနေ တပ်ကြပ်ကြီးအဆင့်ထိ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို ရခိုင်ပြည်နယ်ဘက်ကို ပြောင်းရွှေ့ခဲ့ပြီး ၁ လအကြာမှာ အရာရှိတွေကို ထပ်မံပြောင်းရွှေ့ခိုင်းတာလည်း ဖြစ်ပါတယ်။

//
More News
Up