
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းမှာ ဇွန် ၁၆ ရက်ညက စစ်ကောင်စီတပ်က ပြည်သူပိုင်နေအိမ်တလုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဇွန် ၁၆ ရက် ည ၁၀ နာရီလောက်က လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာအတွင်းကို သေနတ်ပစ်ခတ် ဝင်ရောက်ပြီး နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေအိမ်ရှိ အသက် ၃၀ ကျော်အရွယ် မနွယ်နီဌေးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းတနေရာမှာ သေနတ်နဲ့ အနီးကပ်ပစ်ခတ်ကာ စွန့်ပစ်ထားခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကနေ ထုတ်ပြန်ထားပါတယ်။
မနွယ်နီဌေးကတော့ အသက်သေဆုံးခြင်းမရှိဘဲ လက်ရှိ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်လူနာအနေနဲ့ တက်ရောက်ကုသနေရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေရဲ့ အခုလိုလုပ်ရပ်နဲ့ပတ်သက်ပြီး ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တဦးက "ဘာမှအပြစ်မရှိတဲ့ အရပ်သားပြည်သူတွေကို ကြက်ကလေး ငှက်ကလေး သတ်သလိုသတ်၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာတွေဟာ ဖက်ဆစ်မှ တကယ့်ဖက်ဆစ်ပါပဲ။ ဒါပေမဲ့ ကျနော်တို့ပြည်သူတွေဟာ ကြောက်ပြီး ငြိမ်သွားမယ့်အစားထဲက မဟုတ်ဘူး။ ကျနော်တို့မှာ ရွေးချယ်စရာဆိုလို့ တခုပဲရှိတယ်။ အဲဒါက လွတ်မြောက်မှုအတွက် တော်လှန်ပုန်ကန်ဖို့ပါပဲ" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဇွန် ၁၇ ရက်၊ မနက် ၁ နာရီလောက်မှာတော့ ဂေါ့အင်းကျေးရွာက နေအိမ်တလုံးကို သေနတ်ပစ်ခတ် ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၄၁ နှစ်အရွယ်ရှိ မအေမီဖြိုးဝေကို အနီးကပ်ပစ်ခတ်ခဲ့လို့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အသက် ၂၀ အရွယ် လမ်းသွားလမ်းလာ အမျိုးသားနှစ်ဦးကို ထပ်မံပစ်ခတ်ခဲ့လို့ တဦးသေဆုံးပြီး တဦး အပြင်းအထန်ဒဏ်ရာရရှိကာ လက်ရှိ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
လောင်းလုံးမြို့ကို ရောက်ရှိနေတဲ့ အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ်သားတွေဟာ CDM ဝန်ထမ်းတွေ အပါအဝင် ပြည်သူ ၇ ဦးကို မတရားဖမ်းဆီးထားပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးမှာ ပါဝင်သူတွေကိုလည်း လိုက်လံရှာဖွေ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။