Home
မြန်မာသတင်း
လောင်းလုံးမြို့တွင် စစ်ကောင်စီက တက်ကြွလှုပ်ရှားသူများကို အင်အားသုံးဖမ်းဆီးနေ
DVB
·
June 17, 2022

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ရောက်ရှိနေကာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဇွန် ၁၆ ရက် မွန်းလွဲပိုင်းကစပြီး အင်အားသုံး ဖမ်းဆီးနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ မတရားဖမ်းဆီးခံထားရသူ ၁၀ ယောက်ဝန်းကျင်ရှိပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးဟောင်းတဦးနဲ့ CDM ပညာရေးဝန်ထမ်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

မျက်မြင်တွေ့ရှိသူတဦးက “စစ်ကောင်စီတပ်သား ၁၀၀ ကျော်နဲ့ ခြေလျင်ရော၊ ကားနဲ့ပါ တအိမ်တက်ဆင်း စာရင်းနဲ့တိုက်စစ်ပြီး လိုက်ဖမ်းနေတယ်” လို့ ပြောပါတယ်။

အဖမ်းခံထားရသူတွေကို လောင်းလုံးမြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

လူငယ်တဦးက “စစ်(--)တွေ အင်အားအလုံးအရင်းနဲ့ မနက်ပိုင်းကတည်းက ရောက်နေတာ။ ညနေဘက်မှာ အပြစ်မဲ့ပြည်သူတွေကို စာရင်းနဲ့တကွကို လိုက်ဖမ်းနေတယ်။ မြို့ပေါ်က အတော်များများ ဖမ်းဆီးခံထားရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးတာ မခံရစေဖို့ တော်လှန်ရေးဦးဆောင်သူတွေ၊ CDM ဝန်ထမ်းတွေ၊ နိုင်ငံရေးပါတီဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေအပြင် သူတို့နဲ့ ထိတွေ့ဆက်ဆံနေတဲ့ ပြည်သူတွေပါ လုံခြုံဘေးကင်းတဲ့နေရာကို အမြန်တိမ်းရှောင်နေထိုင်ကြဖို့အတွက် လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အထူးအသိပေးတိုက်တွန်းချက် ထုတ်ပြန်ထားပါတယ်။

ဇွန် ၁၄ ရက်က စစ်ကောင်စီတပ် အင်အား ၇၀ လောက်နဲ့ လောင်းလုံးမြို့နယ်အတွင်း လမ်းနံဘေး ပုန်းခိုနိုင်တဲ့ ခြုံတွေကို ရှင်းလင်းပြီး တောနင်းရှာဖွေတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024