DVB Logo
Home
မြန်မာသတင်း
မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် NUG အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ကွန်မန်ဒိုအထူးတပ်ဖွဲ့ ဖွဲ့စည်း
DVB
·
June 16, 2022
မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် NUG အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ကွန်မန်ဒိုအထူးတပ်ဖွဲ့ ဖွဲ့စည်း
Donate to DVB

အကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ဖြတ်နှိမ်နင်းဖို့နဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့အတွက် ကွန်မန်ဒိုအထူးတပ်ဖွဲ့တဖွဲ့ ဖွဲ့စည်းနေပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

NUG ပြည်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မဟာ ၇၊ တပ်ရင်း ၇၀၃ က ဒု-တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်အောင်က “ရွာတွေကို မီးရှို့၊ လုယက်ပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို အမြစ်ပြတ်နှိမ်နင်းဖို့ ကျနော်တို့ တပ်ရင်းက ကွန်မန်ဒို အထူးတပ်ဖွဲ့တခု ဖွဲ့စည်းသွားမှာပါ။ ဒီတပ်ဖွဲ့က စစ်ကောင်စီတပ်ရဲ့ စစ်စခန်းတွေ၊ မြို့သိမ်းတိုက်ပွဲတွေနဲ့ အထူးစစ်ဆင်ရေးတွေကို အဓိက ဖော်ဆောင်သွားဖို့ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

လတ်တလောမှာတော့ တပ်ရင်းအနေနဲ့ ပြန်ကြားရေးဌာနကတဆင့် မကြာခင်မှာပဲ အစီအစဉ်တွေကို မိတ်ဆက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ ကချင်ပြည်နယ်၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ ၁ ကြိမ်စီ၊ တနင်္သာရီတိုင်းမှာ ၂ ကြိမ်၊ ရန်ကုန်တိုင်းမှာ ၃ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၁၂ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013