DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုတပ်မတော်ဖွဲ့ရေး တဆင့်ပြီးတဆင့်သွားရန် ၀ တပ်ဖွဲ့ပြော
DVB
·
March 25, 2014
ပြည်ထောင်စုတပ်မတော်ဖွဲ့ရေး တဆင့်ပြီးတဆင့်သွားရန် ၀ တပ်ဖွဲ့ပြော
Donate to DVB

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးကိစ္စကို အဆောတလျင် မဆောင်ရွက်သင့်ဘဲ တဆင့်ပြီးတဆင့်သွားမှသာ အကျိုးရှိလိမ့်မယ်လို့ ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်က ပြောပါတယ်။

uwsa၀ပြည်သွေးစည်းညီညွတ်ရေး ပါတီဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ လိုင်ဇာ ညီလာခံနဲ့ လောခီးလာ ညီလာခံတွေမှာ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

အဲဒီညီလာခံတွေမှာ ချမှတ်ခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး၊ ဖက်ဒရယ်တပ်မတော် ထူထောင်ရေးတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ရဲ့ ပြောခွင့်ရသူ ဦေးအာင်မြင့်က ခုလို ပြောပါတယ်။

“ပြည်ထောင်စုတပ်မတော်ဖွဲ့တဲ့ကိစ္စ တခါတည်း လှမ်းသွားလို့ မရောက်နိုင်ဘူးလို့ ထင်တာပဲလေ။ တဆင့်ပြီးတဆင့်လာဖို့ လိုတယ်လို့ ယူဆပါတယ်။ တဆင့်ပြီးတဆင့် လုပ်မယ်ဆိုရင် ပိုပြီးတော့ တိုင်းပြည်အတွက်၊ တိုင်းရင်းသားတွေအတွက် ပိုပြီးတော့ အကျိုးရှိမယ်လို့ ယူဆပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း အသစ်ပြန်လည်ရေးဆွဲရေးထက် ပြင်ဆင်ရေးကသာ အကျိုးရှိလိမ့်မယ်လို့ ဦးအောင်မြင့်က ဆက်ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အဓိကလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို အစိုးရဘက်နဲ့ သဘောတူညီချက် ရထားပြီး ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကိုတော့ နိုင်ငံရေးဆွေးနွေးတဲ့အခါကျမှ ထည့်သွင်းဆွေးနွေးဖို့ သဘောတူခဲ့ကြပြီး ဖြစ်တယ်လို့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့(အန်စီစီတီ)က ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဆိုင်ရာ ကိစ္စရပ်တွေကိုတော့ နိုင်ငံရေးဆွေးနွေးပွဲမှာပဲ ဆက်လက် ထည့်သွင်းပြီးတော့ ဆွေးနွေးသွားဖို့ ကျနော်တို့ ပြောထားတာ ရှိပါတယ်။ နောက်ထပ် အလျော့အတင်း လုပ်ဖို့တော့ မလိုတော့ပါဘူး။ ဒါ နှစ်ဘက်က ညှိထားလို့ရတဲ့ကိစ္စတွေပါ။”

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့ဟာ မိုင်းလားအထူးဒေသ ၄ ရဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်တဲ့အဖွဲ့နဲ့ မတ် ၂၁ ရက်နေ့ ညနေမှာ ဆွေးနွေးခဲ့ပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

တွေ့ဆုံတဲ့ ၂ ဖွဲ့ရဲ့ ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ တနိုင်ငံလုံး အပစ်ရပ်ပြီး ထာဝရ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်သွားဖို့နဲ့ လူမှုဘ၀တွေ မြှင့်တင်တည်ဆောက်သွားဖို့၊ နိုင်ငံတည်အေးချမ်းဖို့ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်မှု ရေရှည်ဖြစ်ထွန်းဖို့အတွက် နိုင်ငံရေးဆွေးနွေးတဲ့နည်းနဲ့ ဆောင်ရွက်မှသာ ရမယ်လို့ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။

ပြည်တွင်းသတင်းစာတခုမှာတော့ ဒီဆွေးနွေးပွဲမှာ တနိုင်ငံလုံးအပစ်ရပ်စဲရေး လက်မှတ်ထိုးတဲ့အခါ မိုင်းလား အထူးဒေသ ၄ ကလည်း ထိုးဖို့ သဘောတူတယ်ဆိုတာ ဖော်ပြခဲ့ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေကို မေးမြန်းရာမှာ သီခြားအတည်ပြုချက် မပေးနိုင်ပေမယ့် မိုင်းလားအဖွဲ့နဲ့ ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်တို့ဟာ တပြည်လုံး အပစ်ရပ်ရေးကိစ္စကို လက်မှတ်ထိုးမယ်ဆိုတာ အရင်တုန်းကလည်း ပြောထားဖူးတာ ရှိတယ်လို့ ဖြေဆိုပါတယ်။

မတ် ၂၂ ရက်နေ့က ဦးသိန်းဇော်တို့ အဖွဲ့နဲ့ တွေ့ဆုံဖို့ ချိန်းထားပေမယ့် ရာသီဥတုအခြေအနေကြောင့် မလာရောက်တဲ့အတွက် မတွေ့ဖြစ်ကြောင်း ဦးအောင်မြင့်က ပြောပါတယ်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ကလည်း သူတို့အဖွဲ့အနေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေကြောင်း လွန်ခဲ့တဲ့ရက်ပိုင်းက ဒီဗွီဘီကို ပြောဆိုခဲ့ပါသေးတယ်။

ဧပြီလဆန်းပိုင်းကျရင် ရန်ကုန်မှာ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းအဖွဲ့ဟာ တပြည်လုံး အပစ်ရပ်ရေး သဘောတူညီချက် မူကြမ်းတစောင်ကို ပူးတွဲ ပြုစုကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013