
စစ်တပ်အာဏာသိမ်းပြီး တနှစ်မပြည့်ခင် ကာလအတွင်း ကျပ်သိန်းထောင်ချီလာဘ်စားခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာငွေကျပ် သန်းပေါင်း ၃၈,၀၀၀ ကျော် ဆုံးရှုံးခဲ့မှုအတွက် စစ်ကောင်စီခန့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး အပါအဝင် ၃ ဦးကို အဂတိလိုက်စားမှုနဲ့ အမှုအဖွင့် အရေးယူလိုက်ပါတယ်။
စစ်ကောင်စီခန့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးနဲ့ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ လည်းကောင်း၊ တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃နှင့် ပုဒ်မ ၅၆ အရ လည်းကောင်း ရန်ကုန်တိုင်းရှိ၊ သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှာ ဇွန် ၁၄ ရက်က ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေးဖို့ ဆောင်ရွက်နေတာလို့ စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဇွန် ၁၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။
ဦးလှစိုးနဲ့ ဦးအောင်သန်းဦးတို့ဟာ ရန်ကုန်တိုင်းအစိုးရမြေများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအဆုံးအဖြတ်နဲ့ ၂၀၂၁ ခုနှစ် ဇွန် ၂၂ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်အတွင်း မြေကွက်တွေရောင်းချပေးခဲ့ရာမှာ ကာလတန်ဖိုး သတ်မှတ်ချက်အောက်သို့ လျှော့ချခွင့်ပြုပေးခဲ့လို့ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ဒလမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်များရှိ မြေကွက် ၉ ကွက် မြေဧရိယာ ၂၆၂ ဧကလောက်အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေကျပ် သန်းပေါင်း ၃၈,၀၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဦးစိုးစိုးဇော်ဟာလည်း အစိုးရမြေများ စီမံခန့်ခွဲရေးကော်မတီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး မြေလျှောက်ထားတာ၊ မြေကွက်ဈေးနှုန်း သတ်မှတ်ဆောင်ရွက်တဲ့ကိစ္စတွေမှာ ရောင်းချမြေတန်ဖိုးတွေဟာ ကာလတန်ဖိုးအောက် များစွာ လျော့နည်းနေတာကို တင်ပြမှုမရှိခဲ့ဘဲ ဝယ်ယူခွင့်ရရှိသူတချို့နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး မြေနေရာ ချထားပေးနိုင်အောင် တင်ပြဆောင်ရွက်ခဲ့လို့ နိုင်ငံ့ဘဏ္ဍာငွေတွေ ဆုံးရှုံးစေခဲ့ရာမှာ ပါဝင်အားပေး ကူညီခဲ့ကြောင်း စစ်ဆေးတွေ့ရှိတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဦးလှစိုးဟာ နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က အစိုးရမြေတွေ နေရာချထားပေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးထံက ငွေကျပ်သိန်း ၂၅၀၀ ကို ငါးကြိမ်ခွဲပြီး တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့သလို ဦးအောင်သန်းဦးကလည်း ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တစ်ဦးထံက မြေကွက် လျှောက်ထားတဲ့ ကိစ္စပေးတဲ့ ငွေကျပ်သိန်း ၅၀၀၀ ကို နေအိမ်မှာ ခြောက်ကြိမ်ခွဲပြီး လက်ခံရယူခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဦးအောင်သန်းဦးဟာ မြေလွတ်၊ မြေရိုင်း လုပ်ကိုင်ခွင့်ရရှိသူ (၈)ဦး၊ အစိုးရပိုင် မြေများဝယ်ယူခွင့် ရရှိသူ (၃)ဦး၊ အခြားနည်း အသုံးပြုခွင့်ရရှိသူ တစ်ဦးတို့ထံမှ လူမှုပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်းစဉ် (CSR) အတွက် စုစုပေါင်း ငွေကျပ် သိန်း ၉၅၀၀ ကျော် ကောက်ခံရယူခဲ့တဲ့ငွေတွေကို မြန်မာ့ရှေ့ဆောင်ဘဏ်(MAB)မှာ သူ့နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ ငွေစာရင်းနှစ်ခုသို့ ထည့်သွင်းခဲ့တယ်လို့ဆိုပါတယ်။
ဦးစိုးစိုးဇော်ဟာလည်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြေဧရိယာ ၃၂ ဧကကျော် မြေကွက်ရောင်းချရရှိမယ့် အကျိုးအမြတ်ငွေအပေါ်မှ ၂၀ ရာခိုင်နှုန်းပေးအပ်ဖို့ ညှိနှိုင်းသဘောတူညီခဲ့တာဟာ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး တံစိုးလက်ဆောင်ရယူဖို့ လုပ်ခဲ့တယ်လို့လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။
စွပ်စွဲခံရသူ ၃ ဦးဘက်ကတော့ အဆိုပါစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ပြန်လည်ချေပပြောဆိုနိုင်ခွင့် မရရှိသေးသလို သူတို့ကို လက်ရှိဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာလည်း မသိရသေးပါဘူး။