စစ်ကောင်စီတပ်တွေဟာ ရန်ကုန်က မြို့နယ်တော်တော်များများမှာ ဇွန် ၁၄ ရက်က ဧည့်စာရင်းဝင်စစ်ပြီး ရန်ကုန်သပိတ်အဖွဲ့ဝင် တော်တော်များများ ဖမ်းဆီးခံခဲ့ရပါတယ်။
ဇွန် ၁၃ ရက်ညက စလို့ ဖမ်းဆီးနေတာဖြစ်ပြီး ရန်ကုန်သပိတ်အဖွဲ့ဝင်တွေ သတိထားကြဖို့ အထွေထွေသပိတ်ကော်မတီ(GSC) နဲ့ တခြားမြို့နယ်သပိတ်ကော်မတီတွေက မနေ့ မနက်ပိုင်းကပဲ သတိပေးထားခဲ့သလို မနေ့ညမှာလည်း ဝင်ရောက်ရှာဖွေ ဖမ်းဆီးခံကြရတာပါ။
အဲဒီ ၂ ရက်အတွင်း သပိတ်မှာပါဝင်တဲ့သူ ၃၀ ဝန်းကျင်ဖမ်းဆီးခံရတယ်လို့ နီးစပ်သူတွေကပြောပြီး နောက်ထပ်လည်း လိုက်လံရှာဖွေတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ ဖမ်းခံရသူအရေအတွက်နဲ့ အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒါကြောင့် လုံခြုံရေးစည်းကို တင်းတင်းကျပ်ထားဖို့နဲ့ လူထုရဲ့ အကူအညီယူကြဖို့ သပိတ်လှုပ်ရှားမှုနဲ့ ပတ်သက်သူတွေက သတိပေးတိုက်တွန်းထားပါတယ်။
မနေ့ညက လမ်းမတော်၊ ရွှေပြည်သာ၊ တာမွေ၊ အရှေ့ဒဂုံ၊ လှိုင်သာယာ၊ စမ်းချောင်း၊ ပုဇွန်တောင်၊ သမိုင်း၊ ဗိုလ်တထောင် စတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီက အရပ်ဝတ်နဲ့ပါ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပါတယ်။
မြောက်ဥက္ကလာနဲ့ လှိုင်သာယာတို့မှာတော့ ပေါက်ကွဲသံနဲ့ သေနတ်ပစ်ခတ်သံတွေလည်း ကြားရတယ်လို့ ဒေသခံတွေက ပြောပြီး ဧည့်စာရင်းစစ်တာနဲ့ ဖမ်းဆီးတာက လွဲလို့ နောက်ထပ် ဘာတွေဖြစ်တယ်ဆိုတာတော့ မသိရသေးပါဘူး။