ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းရှိ ယူဆိုမိုဆိုကျေးရွာမှာ ဇွန် ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်က စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး အသက် ၃ နှစ်အရွယ်ကလေးငယ်တဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃ လုံး ပျက်စီးသွားတယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF-B05 ကထုတ်ပြန်ပါတယ်။
ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF-B05 ပြန်ကြားရေးတာဝန်ရှိသူတဦးက “စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်ကြီးထိမှန်ပြီး အသက် ၆၀ အရွယ်အဘွားဖြစ်သူနဲ့ မြေးဖြစ်သူ ၃ နှစ်အောက် ကလေးငယ်တဦး၊ အသက် ၂၀ ဝန်းကျင် အမျိုးသားတဦးတို့မှာ လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ပြီး လူနေအိမ် ၃ လုံး နဲ့ ဆိုင်ကယ်တစီး ပျက်စီးသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်နက်ကြီးထိမှန် ဒဏ်ရာရသူ ၃ ဦးကို လုံခြုံစိတ်ချရတဲ့နေရာမှာ ဆေးကုသမှုပေးထားပြီး အသေးစိတ်တော့ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ယူဆိုမိုဆိုကျေးရွာကို တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးနဲ့ ၄ ကြိမ် ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့ကလည်း ယူဆိုမိုဆိုကျေးရွာ နဲ့ ၁ မိုင်လောက်ဝေးတဲ့ ငံရိုကျေးရွာမှာ စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသားတဦး သေဆုံးသွားတယ်လို့ သိရပါတယ်။