DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူ ၁၄ သန်းကျော် လူသားချင်းစာနာမှုအကူအညီ အရေးပေါ်လိုအပ်နေဟု ကုလအထူးကိုယ်စားလှယ်ပြော
DVB
·
June 14, 2022
မြန်မာပြည်သူ ၁၄ သန်းကျော် လူသားချင်းစာနာမှုအကူအညီ အရေးပေါ်လိုအပ်နေဟု ကုလအထူးကိုယ်စားလှယ်ပြော
Donate to DVB

လက်ရှိ မြန်မာ့ စီးပွားရေးအခြေအနေ ဆိုးဝါးစွာကျဆင်းနေပြီး နိုင်ငံ့လူဦးရေရဲ့ တဝက်လောက်က  နိုင်ငံဆင်းရဲနွမ်းပါးမှု အဆင့်အောက်သို့ ကျရောက်နေကြောင်းနဲ့ မြန်မာပြည်သူ ၁၄ ဒသမ ၄  သန်း  လူသားချင်းစာနာမှု အကူအညီအရေးပေါ် လိုအပ်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က  ပြောပါတယ်။

ဇွန် ၁၃ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘောအစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိက္ခတွေနဲ့ ဘက်ပေါင်းစုံ အကျပ်အတည်းတွေကို တင်ပြပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ခွဲခြားမှုနဲ့ ခေါင်းပုံဖြတ်မှုတွေ မရှိဘဲ ပေးအပ်ဖို့ အရေးကြီးတဲ့အကြောင်း အထူးကိုယ်စားလှယ်က အလေးပေးပြောကြားသွားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရဆိုင်ရာအဖွဲ့အစည်း ပြိုလဲသွားတာ၊ ပဋိပက္ခတွေကြောင့် သီးနှံအထွက် ကျဆင်းသွားတာ၊ ကျန်းမာရေးဝန်ဆောင်မှု တုံ့ဆိုင်း၊ ပညာရေးစနစ် ပြိုကွဲ၊ ဘဏ်လုပ်ငန်းစနစ် အားနည်းပြီး တရားဝင်စီးပွားစနစ် ပျက်ယွင်းသွားတဲ့အပြင် ရာဇဝတ်မှုတွေ တိုးပွားလာပြီး လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဆင်းရဲနွမ်းပါးသူဦးရေ နှစ်ဆတိုးလာကာ လူဦးရေရဲ့ လေးပုံ တပုံကျော် ဖြစ်တဲ့ ၁၄ ဒသမ ၄ သန်း လူသားချင်းစာနာမှုအကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ ဒေါက်တာ နိုလင်းဟေဇာက ပြောပါတယ်။

“မြန်မာနိုင်ငံက ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုကနေ ဒီကိန်းဂဏန်းတွေရဲ့ နောက်ကွယ်က လူသားတွေရဲ့ကြေကွဲစရာ ဖြစ်ရပ်တွေကို ကျမ သိခဲ့ရတယ်” လို့ နိုလင်းဟေဇာက ပြောပါတယ်။

တချိန်တည်းမှာပဲ ကိုဗစ်-၁၉ ရောဂါနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံမှာ ကလေးတွေ ကျောင်းအပ်နှံမှု ၈၀ ရာခိုင်နှုန်းကျဆင်းသွားပြီး အနည်းဆုံး ကလေးငယ်ပေါင်း ၇ ဒသမ ၈ သန်းလောက် စာသင်ခန်းပြင်ပရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းမှုကနေ အကျိုးကျေးဇူးခံစားခဲ့ရတဲ့ မျိုးဆက်တခုဟာ အခုတော့ စိတ်ပျက်မှုတွေ၊ ကာလရှည်အခက်အခဲတွေ၊ ဝမ်းနည်းကြေကွဲစရာတွေ ကြုံတွေ့ရင်ဆိုင်ခဲ့ရပြီး အများအပြားဟာ လက်နက်ကိုင်ဖို့ကလွဲလို့ သူတို့မှာ ရွေးချယ်စရာ မရှိတော့ဘူးလို့ ခံစားနေကြရတယ်လို့ ဒေါက်တာနိုလင်းဟေဇာက ပြောပါတယ်။ 

အကူအညီလိုအပ်နေသူတွေကို ခွဲခြားမှုမရှိဘဲ ကူညီပေးဖို့၊ ဒေသတွင်း လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ ကွန်ရက်တွေနဲ့ ပူးပေါင်းဆောာင်ရွက်မှု ပိုမိုခိုင်မာအောင် တည်ဆောက်ပြီး တန်းတူညီမျှ ဆောက်ရွက်သွားဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံနဲ့မညီတဲ့ စစ်တပ်အာဏာသိမ်းမှုအပြီး မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေတွေကြောင့် ရိုဟင်ဂျာတွေအပါအဝင် ထိခိုက်လွယ်လူမှု အဝန်းအဝိုင်းတွေရဲ့ လုံခြုံရေးနဲ့ သုခချမ်းသာရရှိရေး ပိုလို့အန္တရာယ်ဖြစ်စေခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောပါတယ်။

ရိုဟင်ဂျာတွေရဲ့ ရပိုင်ခွင့်တွေနဲ့ အသံတွေဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး သာယာဝပြောတဲ့ အနာဂတ်အတွက် မရှိမဖြစ်လိုအပ်ပြီး ဘေးဖယ်ခံထားရသူတွေအပေါ် စနစ်တကျဖန်တီးထားတဲ့ မညီမျှမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အရေးပါတယ်လို့ဆိုပါတယ်။ 

ဒါ့အပြင် လူမှုအသိုက်အဝန်းနဲ့ နိုင်ငံအတွက် အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖော်ဆောင်ရာမှာ အမျိုးသမီးတွေနဲ့ လူငယ်တွေ ဘယ်လိုပါဝင်နိုင်မလဲဆိုတာ ဆွေးနွေးရမယ်လို့လည်း မစ္စဟေဇာက ပြောပါတယ်။ 

ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ နှစ်ယောက်ဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်  ဦးဂျင်မီနဲ့  အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီက သေဒဏ်စီရင်မယ်ဆိုပါက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အသက်ရှင်ပိုင်ခွင့် လွတ်လပ်ခွင့်နဲ့ လုံခြုံမှုအခွင့်အရေးတွေကို ဗြောင်ကျကျ ချိုးဖောက်တာ ဖြစ်တယ်၊ လူပေါင်း ၁၄၀၀၀ လောက် ဖမ်းဆီးခံထားရပြီး ထိန်းသိမ်းခံထားရချိန်မှာ ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ရသလို အရပ်ဘက်အဖွဲ့အစည်းတွေလည်း အဖိနှပ်ခံထားရကာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ တခြားလူ့အခွင့်အရေးတွေလည်း နှိမ်နင်းခံထားရတယ်လို့ ဆိုပါတယ်။

အထူးကိုယ်စားလှယ်အနေနဲ့  ကုလသမဂ္ဂနဲ့ အာဆီယံအကြား  ပေါင်းကူပေးတဲ့ အခန်းကဏ္ဍ ကနေ ဆက်လက်ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပြီး ထိခိုက်လွယ်သူအများစုရဲ့ ဆင်းရဲဒုက္ခတွေနဲ့ အကာအကွယ် လိုအပ်ချက်တွေကို ဖြေရှင်းပေးဖို့နဲ့ ငြိမ်းချမ်းတည်ငြိမ်ပြီး မျှဝေကြွယ်ဝမှုကို အခြေခံတဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ပြည်သူ့ဆန္ဒကို ပံ့ပိုးပေးဖို့ မြန်မာနိုင်ငံ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုက်အဝန်းက သက်ဆိုင်သူတွေနဲ့ တက်ကြွစွာထိတွေ့ ဆက်ဆံသွားမယ်လို့လည်း ဒေါက်တာနိုလင်းဟေဇာက ပြောသွားပါတယ်။

စင်ကာပူနိုင်ငံသူ ဝါရင့်သံတမန် မစ္စနိုလင်းဟေဇာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ခန့်အပ်ခဲ့တာဖြစ်ပြီး သူ့ကို  မြန်မာအာဏာသိမ်းစစ်ကောင်စီကတော့ အခုအချိန်အထိ  မြန်မာပြည်ဝင်ခွင့် မပေးသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013