DVB Logo
Home
မြန်မာသတင်း
အပြစ်မဲ့မြန်မာပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးရန် သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလညီလာခံတွင် ပြောကြား
DVB
·
June 14, 2022
အပြစ်မဲ့မြန်မာပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးရန် သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလညီလာခံတွင် ပြောကြား
Donate to DVB

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အပြစ်မဲ့မြန်မာပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့၊ စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ဖို့နဲ့  မြန်မာစစ်တပ်အား လက်နက်တင်ပို့ရောင်းချမှု တားဆီးပေးဖို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဇွန် ၁၃ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကျင်းပတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ အလွတ်သဘောအစည်းအဝေးမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကာင်စီ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံတွေ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေ အထူးလိုအပ်နေတဲ့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ ပေးအပ်ဖို့၊ စစ်တပ်ရဲ့ ထပ်မံအကြမ်းဖက်လုပ်ရပ်မှုတွေ ရပ်တန့်ဖို့၊ တရားမဝင်စစ်တပ်အုပ်ချုပ်မှုကို အဆုံးသတ်ရေး ကြိုးပမ်းမှုမှာ ကူညီပေးဖို့၊ ဒီမိုကရေစီရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့၊ ပြစ်မှုကျူးလွန်သူတွေ တာဝန်ခံမှုရှိစေရေး နိုင်ငံတကာကြိုးပမ်းဆောင်ရွက်မှုကို ဆက်လက်အားပေးဖို့၊ မြန်မာစစ်တပ်အား ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေကို နှစ်နိုင်ငံချင်းနဲ့ နိုင်ငံတကာအလိုက် ချမှတ်ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၆ လက မြန်မာစစ်တပ်ဟာ တရားမဝင်အာဏာသိမ်းထားပြီး ရွေးကောက်ခံသမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တခြားရွေးကောက်ခံ အရပ်သားခေါင်းဆောင်တွေကို ဓားစာခံဖမ်းဆီးပြီး အဆက်အသွယ်ဖြတ်တောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအခြေအနေဟာ ဆက်လက်ဆိုးဝါးနေဆဲ ဖြစ်ပြီး၊ စစ်တပ်က ရက်စက်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတာကြောင့် မြန်မာပြည်သူတွေ ဒုက္ခကြီးစွာခံစားနေကြရတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ 

စစ်တပ်ဟာ ပြည်သူအနည်းဆုံး ၁,၉၂၉ ဦး ကို သတ်ဖြတ်ခဲ့ပြီး၊ ၁၄,၀၆၁ ဦးကို ဖမ်းဆီးထာကာ ၁၁,၀၀၄ ဦး ကို ဖမ်းဝရမ်းထုတ်ထားကြောင်း၊ အဓမ္မဖမ်းဆီးမှု၊ နေအိမ်တွေကို ရုတ်တရက်အကြမ်း ဖက်တိုက်ခိုက်မှု၊ ပြည်သူပိုင်ပစ္စည်းများနှင့် နေအိမ် ၆၀၀ နီးပါးကို တရားမဝင်သိမ်းယူမှု၊ စစ်တပ်ရဲ့ လျှို့ဝှက်တရားရုံးတွေကနေ ထောင်ဒဏ်တစ်သက်တစ်ကျွန်းနဲ့ သေဒဏ်ချမှတ်မှု ၂၀၀ ကျော် ပြုလုပ်ခဲ့တယ် ဆိုပါတယ်။

စစ်တပ်ဟာ ပြည်သူတွေကို စစ်ရေးမဟာဗျူဟာအသွင် အကြောင်းမဲ့ ဦးတည်တိုက်ခိုက်နေတာကြောင့် ပြည်သူတစ်သန်းကျော် နေရပ်စွန့်ခွာနေရပြီး၊ ပုဂ္ဂလိကပိုင် အဆောက်အအုံနဲ့ ဘာသာရေးအဆောက်အအုံ ၂၂,၀၀၀ နီးပါးကို စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လူသားချင်းစာနာမှုအကူအညီပေးမှုတွေကို ပိတ်ဆို့ဖို့ စစ်တပ်က နည်းလမ်းပေါင်းစုံနဲ့ လုပ်နေတာဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုဖြစ်ကြောင်း၊ လက်ရှိ မြန်မာ့ စီးပွားရေးအခြေအနေ ဆိုးဝါးစွာကျဆင်းနေပြီး နိုင်ငံ့လူဦးရေရဲ့ တစ်ဝက်လောက်က  နိုင်ငံဆင်းရဲနွမ်းပါးမှု အဆင့်အောက်သို့ ကျရောက်နေကြောင်း၊ မြန်မာပြည်သူ ၁၄ ဒသမ ၄  သန်း  လူသားချင်းစာနာ ထောက်ထားမှု အကူအညီလိုအပ်နေတယ်လို့ သံအမတ်ကြီးကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ ရိုဟင်ဂျာကိစ္စနဲ့ စပ်လျဉ်းပြီး ရေရှည်တည်မြဲတဲ့ အဖြေရရှိရေးအတွက် ဆောင်ရွက်သွားဖို့ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း တရားမဝင် စစ်တပ်အာဏာသိမ်းမှု အဆုံးသတ်ပြီး အရပ်သားအစိုးရ တာဝန်မယူမချင်း မြန်မာနိုင်ငံသို့ ရိုဟင်ဂျာတွေ အဆင်ပြေပြေ ရေရှည်နေရပ်ပြန်နိုင်ရေးကို ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။

မြန်မာ့အရေး ညီညွတ်ပြတ်သားတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာတုံ့ပြန်ဆောင်ရွက်မှုတွေလိုအပ်ကြောင်း၊ အာဆီယံအနေနဲ့ တရားမဝင်အာဏာသိမ်းခေါင်းဆောင်အား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့် မပြုတဲ့အပေါ် အသိအမှတ်ပြုပြီး ဒီရပ်တည်ချက်ကို ဆက်လက်ထားရှိဖို့ လိုကြောင်း၊ စစ်တပ်နဲ့ သာမဟုတ်ဘဲ မြန်မာပြည်သူတွေ ပြည်သူကို ကိုယ်စားပြုတဲ့ တရားဝင်အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အာဆီယံအနေနဲ့  ယုံကြည်မှုတည်ဆာက်နိုင်မယ် မျှော်လင့်ကြောင်းလည်း သံအမတ်ကြီးက ပြောသွားပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ အမေရိကန်နဲ့ ယူကေ စတဲ့နိုင်ငံတွေက သံတမန်တွေ လည်း မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013