DVB Logo
Home
မြန်မာသတင်း
လောင်းလုံးတွင် Non CDM တက္ကသိုလ် ကထိကနှင့် ရပ်/ကျေး စာရေးမ ပစ်သတ်ခံရ
DVB
·
June 14, 2022
လောင်းလုံးတွင် Non CDM တက္ကသိုလ် ကထိကနှင့် ရပ်/ကျေး စာရေးမ ပစ်သတ်ခံရ
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်း ကျေးရွာမှာ ဇွန် ၁၂ ရက်၊ ညနေ ၅ နာရီခွဲလောက်က ထားဝယ်တက္ကသိုလ် မြန်မာစာဌာန ကထိက ဒေါက်တာဝင်းဗိုလ်နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်/ကျေးစာရေးမ ဒေါ်မြမြမိုးတို့ ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ရွာခံတွေက ပြောပါတယ်။ 

နှစ်ဦးစလုံးဟာ သူတို့​ရဲ့ နေအိမ်တွေမှာပဲ ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး အရင်ကလည်း ကျည်ဆန်တွေနဲ့အတူ သတိပေးစာ ပေးခံရဖူးတယ်လို့ ဆိုပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ အဆိုပါပစ်ခတ်မှုကို သူတို့တပ်ဖွဲ့နဲ့ Dawei Guerrilla Revolutionary Force(DGRF)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီ Non CDM ဝန်ထမ်းနှစ်ဦးဟာ စစ်ကောင်စီတပ်တွေကို သတင်းပေးတာ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို ခြိမ်းခြောက်တာ၊ CDM ဝန်ထမ်းတွေကို ဖိအားပေးတာတွေပြုလုပ်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ကြေညာချက်မှာ ဒေါ်မြမြမိုးရဲ့ သတင်းပေးတိုင်ကြားမှုကြောင့် ကျေးရွာအတွင်းက CDM ဝန်ထမ်းတွေနဲ့ စစ်အာဏာရှင်တော်လှန်ရေးအတွက် ထောက်ပံ့ပေးနေကြတဲ့ ပြည်သူတချို့ မိသားစုအလိုက် ထွက်ပြေးတိမ်းရှောင်နေရတာတွေ များစွာရှိတယ်လို့ ဖော်ပြထားပေမယ့် ရွာခံနှစ်ဦးကတော့ အဲလိုမျိုး ထွက်ပြေးတိမ်းရှောင်နေရတာတွေမရှိဘူးလို့ ပြောပါတယ်။ 

စစ်အာဏာရှင်စနစ်တော်လှန်ရေးမှာ ပါဝင်နေတဲ့ ပန်းတင်အင်းရွာခံ လူငယ်တဦးကတော့ "ထုတ်ပြန်ချက်မှာက ဒေါ်မြမြမိုး သတင်းပေးတိုင်ကြားလို့ မိသားစုအလိုက် ပြေးနေရတဲ့သူတွေအများကြီးရှိတယ်ဆိုပြီးရေးထားတယ်၊ ရွာမှာက အဲလိုမျိုးမတွေ့ရဘူး၊ ရုံးစာရေးမဆိုတော့ တခါတလေ ရွာသားတွေကို ငေါက်တာမျိုးတော့ရှိခဲ့တယ်" လို့ ပြောပါတယ်။ 

အသက် ၅၀ ကျော်အရွယ် ပင်စင်ယူခါနီးပြီဖြစ်တဲ့ ဒေါ်မြမြမိုးဟာ စစ်အာဏာသိမ်းမှုအစောပိုင်းကာလမှာ CDM ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်ခဲ့ပေမယ့် အခက်အခဲဖြစ်နေတဲ့ CDM ဝန်ထမ်းတွေကို ရပ်ကွက်ထောက်ခံစာ၊ ကိုဗစ်ဆေးထိုးလက်မှတ်ပြုလုပ်တာတွေအတွက် ကူညီပေးဖူးတယ်လို့လည်း ဒေါ်မြမြမိုးနဲ့ ရင်းနှီးတဲ့ CDM ဝန်ထမ်းတဦးကပြောပါတယ်။

အသက် ၄၀ ကျော်လောက်ရှိပြီဖြစ်တဲ့ ထားဝယ်တက္ကသိုလ် မြန်မာစာဌာန ကထိက ဒေါက်တာဝင်းဗိုလ်ကတော့ ဇနီးဖြစ်သူ ကျန်းမာရေးဝန်ထမ်းနဲ့အတူ ကျေးရွာအတွင်းနေထိုင်ပြီး ရင်းနှီးတဲ့ စစ်တပ်အရာရှိတချို့ သူရဲ့နေအိမ်ကို အဝင်အထွက်ရှိတယ်လို့လည်းသိရပါတယ်။

​ဒေါက်တာဝင်းဗိုလ်ဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျောင်းသားတွေနဲ့  ပြဿနာဖြစ်ခဲ့ဖူးတာရှိပြီး စစ်ကောင်စီအား သတင်းပေးတိုင်ကြားတယ်ဆိုတာ နဲ့ပတ်သက်ပြီးကတော့ သေချာမသိရဘူးလို့ ရွာခံတက္ကသိုလ်ကျောင်းသားတဦးက ပြောပါတယ်။

ပန်းတင်အင်းကျေးရွာမှာ အရင်နှစ် ဇူလိုင်လ ၁၂ ရက်ကလည်း အသက် ၇၀ အရွယ် စစ်မှုထမ်းဟောင်း ဦးအောင်ကြည်ခေါ် ဒူးလန် ဆိုသူတဦး စစ်ကောင်စီသတင်းပေးလုပ်လို့ဆိုပြီး ပစ်သတ်ခံခဲ့ရပါတယ်။

လောင်းလုံးမြို့နယ်အတွင်း ဒလန်ဆိုတဲ့စွပ်စွဲချက်နဲ့ ပစ်သတ်ခံရတာတွေ မကြာခဏရှိနေပြီး ပြည်သူတွေအကြား အဲဒီလို သတ်ဖြတ်​မှုအချို့အပေါ်  ဝေဖန်မှုတွေလည်းရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013