
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလော၊ နန့်တိန်နဲ့ ကျေးရွာအချို့မှာ မူးယစ်ဆေးရောင်း၀ယ်သူအချို့နဲ့ သုံးစွဲသူတွေကို ဇွန် ၁၀ ရက်နေ့မှစတင်ကာ ဇွန် ၁၂ ရက်နေ့ညအထိ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျနော်တို့ရွာတွေဘက်မှာ မူးယစ်ဆေးသုံးစွဲတဲ့သူတွေနဲ့ ရောင်းချသူတွေ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ပိုပိုဆိုးလာတယ်ဗျ။ အခုလိုလိုက်ဖမ်းဆီးပေးတာ ကေအိုင်အေကို ကျေးဇူးတင်တယ်၊ ရောင်းချသူတွေကို ထိထိရောက်ရောက်အရေးယူစေချင်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံအမျိုးသမီးတဦးက “ကျမတို့ရွာဘက်တော့ လက်ပြန်ကြိုးတုပ်ပြီးလူ ၂ ဦးကို ဖမ်းဆီးသွားတာ တွေ့လိုက်တယ်။ ကျမတို့အစကတော့ တော်တော်လန့်နေတာ၊ နောက်မှ မူးယစ်ဆေးရောင်းသူတွေနဲ့မူးယစ်ဆေးသုံးစွဲကြသူတွေကို ဖမ်းတာ လို့ သိမှ စိတ်အေးရတော့တယ်။ ကျမတို့အမျိုးထဲက တယောက်လည်း ပါသွားတယ်” လို့ ပြောပါတယ်။
အခုလို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး ကေအိုင်အေ အဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
နန့်တိန်ကျေးရွာ၊ ကုန်းလောကျေးရွာနဲ့ အခြားရွာတွေက အယောက် ၂၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရ ပြီး အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးသာ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။