DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကို အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှ ထုတ်ပယ်ရန် တောင်းဆို
DVB
·
June 13, 2022
စစ်ကောင်စီကို အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှ ထုတ်ပယ်ရန် တောင်းဆို
Donate to DVB

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) ကနေ မြန်မာအကြမ်းဖက်စစ်ကောင်စီကို ဖယ်ရှားဖို့  Justice for Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်က နိုင်ငံတကာလူ့အခွင့်အရေးတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဥပဒေတွေကို အကြိမ်ကြိမ်ချိုးဖောက်နေပြီး လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့  လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်းအလျှင်းမရှိဘဲ ကျူးလွန်နေတာတွေကို သိလျက်နဲ့ပဲ အာဆီယံအနေနဲ့ မြန်မာစစ်တပ်နဲ့ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်နေတာက အင်မတန် စိတ်ပျက်စရာကောင်းတယ်လို့ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက် တရားမဝင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ကို အာဆီယံရဲ့ ကာကွယ်ရေးကဏ္ဍ၊ အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းကော်မတီကို ရုရှားနိုင်ငံနဲ့ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စေတာတွေ အပါအဝင် အာဆီယံရဲ့ ကာကွယ်ရေးကဏ္ဍ လှုပ်ရှားဆောင်ရွက်မှု ပြက္ခဒိန်အချိန်ဇယားတွေအတိုင်း မြန်မာစစ်တပ်ကို တင်းပြည့်ကျပ်ပြည့် ဆက်ပြီး ပါဝင်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လာမယ့် ဇွန် ၂၂ ရက်မှာ ADMM ရဲ့ နောက်ထပ်အစည်းအဝေး ရှိနေပြီး မြန်မာစစ်ကောင်စီရဲ့ ပါဝင်တက်ရောက်မှုကို မဖြစ်မနေရပ်တန့်ရမှာဖြစ်တယ်လို့ Justice for Myanmar အဖွဲ့က ပြောပါတယ်။

“မြန်မာစစ်ကောင်စီက ဒီမိုကရေစီနည်းကျ ပြည်သူလူထုရဲ့ အသိအမှတ်ပြုတာမရှိပဲ အစိုးရတစ်ရပ်အဖြစ် သူတို့ဘာသာ စိတ်ထင်တိုင်းဖွဲ့စည်းထားတဲ့ တရားမဝင်အဖွဲ့အစည်းတစ်ရပ်သာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိဘဲ၊ ကုလသမဂ္ဂစင်မြင့်မှာလည်း မြန်မာနိုင်ငံအပေါ် ကိုယ်စားပြုခွင့် မရှိပါဘူး။ အာဆီယံအနေနဲ့ ယခုအချိန်အထိ စစ်ကောင်စီရဲ့ ပါဝင်မှုကို ခွင့်ပြုထားတာဟာ စစ်ကောင်စီကို အစိုးရတရပ်ပုံစံနဲ့ ထိတွေ့ဆက်ဆံနေတာဟာ အင်မတန်မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။”

အာဆီယံမှာ မြန်မာစစ်တပ် ပါဝင်ခွင့်ရရှိနေတာက သူတို့အတွက် စွမ်းဆောင်ရည်တည်ဆောက်ဖို့၊ စစ်လက်နက်ရရှိဖို့၊ ၀င်ငွေရင်းမြစ်တွေရှာဖွေဖို့၊ နိုင်ငံတကာတရားဝင်မှုရှာဖွေဖို့၊ ဝါဒဖြန့်ချိရေးဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် ဇာတ်ကြောင်းတွေဖော်ထုတ်ဖို့နဲ့ အာဆီယံအဖွဲ့ဝင်တွေ၊ ဒေသတွင်း အင်အားကြီးနိုင်ငံတွေနဲ့ နှစ်ဘက်စစ်ရေးဆက်ဆံရေး ပိုမိုခိုင်မာဖို့အတွက် ပံ့ပိုးကူညီပေးထားတာပဲ ဖြစ်တယ်လို့လည်း Justice Myanmar အဖွဲ့က ပြောပါတယ်။

ဒါကြောင့်မို့ Justice For Myanmar အဖွဲ့က အာဆီယံကို အရေးတကြီးအကောင်အထည်ဖော်ဖို့ အချက် ၅ ချက်တောင်းဆိုလိုက်ပြီး အဲဒီ အချက်တွေထဲမှာတော့ လာမယ့် ဇွန် ၂၂ ရက်မှာ ကျင်းပမယ့် ADMM အစည်းအဝေးအပါအဝင် အာဆီယံရဲ့ အစည်းအဝေးနဲ့ လှုပ်ရှားမှုအားလုံးကနေ မြန်မာ စစ်ကောင်စီကို ဖယ်ရှားဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး မြန်မာ့ အကြပ်အတည်းကိုဖြေရှင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ထိရောက်တဲ့ အရေး ယူဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့၊ အာဆီယံရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုဆိုင်ရာ မူဘောင်တစ်ရပ်ကို ဖော်ဆောင်ဖို့  အကြမ်းဖက် မြန်မာစစ်တပ်နဲ့ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့၊  စစ်လက်နက် ရောင်းချမှုပိတ်ပင်ဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေကို တွန်းအားပေးဖို့နဲ့ မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာစစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေး ပြဋ္ဌာန်းနိုင်ဖို့၊ မြန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကတဆင့် နိုင်ငံတကာရာဇဝတ်ခုံရုံးဆီ လွှဲပြောင်းဖို့အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အ ချက်တွေ ပါဝင်နေတာပါ။

ဒါ့အပြင် ADMM-Plus နိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယား၊ နယူးဇီလန်၊ ရုရှားနဲ့ အမေရိကန်နိုင်ငံတွေကိုလည်း ဒီအစည်းအဝေးနဲ့ လှုပ်ရှားမှုတွေ အားလုံးကနေ ဖယ်ထုတ်ဖို့၊ NUG အစိုးရကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ပံ့ပိုးကူညီဖို့တွေ အပါအဝင် ဒီအချက်အလက် ၅ ချက်ကို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပသွားဖို့ရှိနေတဲ့ အာဆီယံကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး (ADMM)ကို မြန်မာစစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးလည်း လူကိုယ်တိုင်တက်ရောက်နိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013