
စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ် တောင်တွင်းဒေသမှာ ဇွန် ၁၃ ရက်မနက်ပိုင်းက ဒေသခံပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာတွေဟာ ကုန်းမော်ကျေးရွာနဲ့ လက်ပန်တောကျေးရွာတို့မှ နေအိမ်အဆောက်အဦးတွေဖြစ်ပြီး ကုန်းမော်ကျေးရွာက အိမ်ခြေ ၇၀ ကျော်နဲ့ လက်ပန်တောကျေးရွာက အိမ်ခြေ ၄၀ ကျော်တို့ မီးလောင်ပျက်ဆီးခဲ့ကာ ပြည်သူတွေမွေးမြူထားတဲ့ ဝက်ကောင်ရေ ၅၀ ကျော်လည်း မီးလောင်သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူတွေမွေးမြူထားတဲ့ နွား ၅ ကောင်ကို စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်ထားခဲ့သလို နွားအကောင် ၂၀ ကိုလည်း ယူဆောင်သွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်ခဲ့တဲ့ ဒေသခံပြည်သူ ၁ ဦးကလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားရှိတယ်လို့ ပြောပါတယ်။
မီးရှို့ဖျက်ဆီးခဲ့တာဟာ ဇွန် ၁၃ ရက် မနက်ပိုင်း ၁၁ နာရီလောက်မှာဖြစ်ပြီး အခုလို ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတဲ့အဖွဲ့ဟာ ကျော်ရွာကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒီနေ့မနက်ပိုင်း ၈ နာရီလောက်က ကျော်ရွာကျေးရွာအတွင်းကနေ အခြားကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေ ကျော်ရွာကျေးရွာနဲ့ ကုန်းမော်ကျေးရွာအကြား လမ်းခုလပ်တနေရာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အခုလို အပြစ်မဲ့ပြည်သူတွေရဲ့နေအိမ်အဆောက်အဦတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
ဒီနေ့မနက် ၈ နာရီခွဲလောက်မှာ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၀ နာရီခွဲလောက်မှာတော့ တိုက်ပွဲပြီးဆုံးသွားကြောင်း၊ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးလောက် ကျဆုံးခဲ့ပြီး PDF အဖွဲ့ဘက်က ၂ ဦးဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ PDF ခေါင်းဆောင်တဦးက ပြောပါတယ်။
မင်းကင်းမြို့နယ်အတွင်းမှာ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေသလို ဇွန် ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရိက္ခာ ဆန်အိတ်တွေကို PDF အဖွဲ့တွေက သိမ်းယူထားတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။