နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စွပ်စွဲထားတဲ့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့အဂတိမှုကို ဇွန် ၁၃ ရက်က နေပြည်တော် တရားရုံးမှာ ဆလက်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ တရားလိုကိုပဲ စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေက အပြန်အလှန်စစ်ခဲ့ပြီး တရားလို ဘက်က ရဟတ်ယာဉ်၀ယ်ယူမှုနဲ့ပတ်သက်တဲ့ အစိုးရနဲ့ ကုမ္ပဏီကြားစာချုပ်စာတမ်းကို ဒီနေ့ရုံးချိန်းမှာ တင်ပြခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ်က ပြည်သူတွေ သဘာဝဘေးအန္တရာယ်ကြုံတဲ့အခါ ကူညီကယ်ဆယ်ရေးလုပ်ငန်းမှာ အသုံးပြုဖို့ အန်အယ်လ်ဒီအစိုးရက ရဟတ်ယာဉ်တစ်စီး ဝယ်ယူ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက် တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်းမှာ ရဟတ်ယာဉ်နဲ့ပတ်သက်လို့ စွဲဆိုထားတဲ့ အဂတိမှု ၅ မှုထဲက နှစ်မှုကိုပဲ အပြန်လှန်စစ်မေးခဲ့တယ်လို့ သိရပါတယ်။