Home
မြန်မာသတင်း
မြောင်မြို့နယ်တွင် MRA အမျိုးသမီးစစ်သည်စခန်းကို စစ်ကောင်စီတပ်က စီးနင်းမီးရှို့
DVB
·
June 13, 2022

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ တော်လှန်ရေးတပ်ဖွဲ့ (MRA) စခန်းဌာနခွဲ (၂)၊  အမျိုးသမီး စစ်သည်စခန်းကို စစ်ကောင်စီတပ်က ဇွန် ၁၁ ရက် မနက်က စစ်ကြောင်းထိုးကာ ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပါတယ်။

MRA တပ်ဖွဲ့ ဌာနခွဲက အမျိုးသမီးစစ်သည်တွေကတော့ စစ်ကောင်စီတပ်တွေမလာခင် ဘေးလွတ်ရာ ရှောင်တိမ်းနိုင်ခဲ့ပြီး ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒေသခံပြည်သူတွေကို ဓားစာခံအဖြစ် ခေါ်လာတာကြောင့် မိုင်းဆွဲတာနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ မလုပ်တော့ဘဲ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၂ ယောက် သေဆုံးသွားတယ်လို့  MRA ဆိုပါတယ်။

MRA တပ်ဖွဲ့ တာဝန်ရှိသူက "စခန်းကတော့ မီးရှို့ခံလိုက်ရတယ်။ တကယ်တမ်း တိုက်မယ်ဆိုရင် မိုင်းဆွဲပြီး ခြုံခိုပစ်လို့ရတယ်။ ဒါပေမဲ့ ပြည်သူကို လူသားဒိုင်းလို ဓားစာခံလုပ်လာတော့ ပြည်သူထိမှာစိုးလို့ အဲ့ဒီနည်းနဲ့ မတိုက်ပဲ ခြုံခိုဝပ်နေတဲ့ နှစ်ကောင်ကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာ။ အဲ့ဒီနေရာတင် နှစ်ကောင်လုံး သေတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ တိုက်ခိုက်မခံရစေဖို့  ပြည်သူကို လူသားဒိုင်း ဓားစာခံအဖြစ်အသုံးချလေ့ရှိတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာပါက ဘေးလွတ်လုံခြုံရာကို အမြန်ဆုံးရှောင်ရှားကြဖို့ MRAက သတိပေးတိုက်တွန်းထားပါတယ်။

အခုရက်ပိုင်းမှာ မြောင်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်တွေက အင်အားအလုံးရင်းနဲ့ စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်နေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာ ပိုမိုများပြားလာပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024