
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရိက္ခာဆန်အိတ်တွေကို ဒေသခံ PDF အဖွဲ့တွေက ဇွန် ၁၁ ရက် ညနေပိုင်းမှာ သိမ်းယူဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းကင်းမြို့နယ် တောင်တွင်းဒေသ မြို့မကျေးရွာရှိ ဒေါ်ဝင်းနုအေး နေအိမ်အတွင်းမှာထားရှိတဲ့ တပ်ရိက္ခာဆန်အိတ်တွေကို MKPDF တပ်ရင်း ၂၊ တပ်ခွဲ ၁ နဲ့ တောင်တွင်းမြွေပွေး(ပကဖ)အဖွဲ့တို့က ယူဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ပိုင် ၁ တင်းခွဲဝင် ဆန်အိတ်ပေါင်း အလုံး ၇၀ ကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
သိမ်းယူခဲ့တဲ့ ဆန်အိတ်တွေကို မင်းကင်းမြို့နယ်အတွင်းမှာရှိ စစ်ဘေးသင့်ပြည်သူတွေအတွက် ပြန်လည်ပေးဝေသွားမှာဖြစ်တယ်လို့ PDF ခေါင်းဆောင်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဇွန် ၁၀ ရက်က တောင်တွင်းဒေသမှာရှိတဲ့ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့သလို၊ အပြစ်မဲ့ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖမ်းဆီးခံရသူဟာ ထမင်းဆိုင်ဖွင့်ပြီး လုပ်ကိုင်စားသောက်နေတဲ့ မြို့မကျေးရွာနေ ဦးမြင့်ဖြစ်ပြီး ဘာကြောင့်ဖမ်းတယ်ဆိုတာလည်း မသိရသလို လက်ရှိအချိန်ထိလည်း အဆက်အသွယ်မရဘူးလို့ ဒေသခံတွေထံက သိရတယ်။