Home
မြန်မာသတင်း
ကန်ပက်လက်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်သား ၆ ဦးခန့်သေဆုံး
DVB
·
June 12, 2022

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ ဇွန် ၁၁ ရက်က CDF-ကန်ပက်လက် ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တနေကုန်နီးပါး တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၆ ယောက်လောက်သေဆုံးခဲ့တယ်လို့ CDF-ကန်ပက်လက်ကနေ သိရပါတယ်။

မနေ့ မနက် ၇ နာရီလောက်မှာ CDF-ကန်ပက်လက် တပ်ရင်း(၂)Vakok တပ်ရင်းမှာ ဝင်ရောက်နေရာယူထားတဲ့ စစ်ကောင်စီတပ်တွေဆီကို ချည်းကပ်ပြီး အပြင်ထွက်လာတဲ့  စစ်သား ၃ ယောက်ကို ပစ်သတ်နိုင်ခဲ့တယ်လို့ CDF-ကန်ပက်လက်ရဲ့ တပ်မဟာမှူး ကိုရှိန်းထန်းက ပြောပါတယ်။

အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်သားတွေဟာ စခန်းအပြင်ကို ထွက်မလာရဲတော့ဘဲ ကတုတ်ကျင်းတွေမှာ အကုန်ဝင်ပုန်းနေလို့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးကြဲတာတွေ၊ လက်လုပ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး  စစ်ကောင်စီတပ်တွေ အပြင်ထွက်မလာနိုင်အောင်ပိတ်ဆို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တပ်ရင်း(၂)မှာပိတ်မိနေတဲ့ စစ်ကောင်စီတပ်တွေကို မြို့ထဲမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်အင်အား ၁၀၀ လောက်က စစ်ကူပေးဖို့ထွက်လာတဲ့အကြောင်းနဲ့ CDF- တပ်တွေက မြို့ထဲကိုပြန်ဝင်ပြီး မနက်  ၁၁ နာရီခွဲလောက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် ကတင်းချောင်းနားမှာ ညနေ ၃ နာရီခွဲ လောက်ကနေ ၄ နာရီလောက်ထိ တိုက်ပွဲ တစ်ကြိမ်ထပ်ဖြစ်ခဲ့ပြီး တပ်ကူလိုက်လာတဲ့ စစ်ကောင်စီတပ်တွေ ညနေ ၅နာရီလောက်မှာ နောက်ကြောင်းပြန်လှည့်ပြီး မြို့ထဲကို ပြန်ဝင်သွားကြတယ် လို့ဆိုပါတယ်။

နှစ်ဘက်တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဘက်က အနည်းဆုံး၆ ယောက်လောက် သေဆုံးကာ ဒဏ်ရာရသူတွေလည်းရှိပြီး မဟာမိတ်တပ်ဖွဲ့က ရဲဘော်တွေ အထိခိုက်အကျဆုံး မရှိခဲ့ ဘူးလို့ တပ်မဟာမှူး ကိုရှိန်းထန်းက ပြောပါတယ်။

“ကျနော်တို့ CDF-ကန်ပက်လက်က မြန်မာ့ဦးတော်လှန်ရေးသမိုင်းမှာ မင်းတပ်ပြီးရင် ဒုတိယမြောက် လက်နက်ကိုင်တိုက်ပွဲဝင်တဲ့တပ်ဖွဲ့ ဖြစ်ပြီး တိုက်ပွဲအကြိမ်ရေဟာလည်း အနည်းဆုံး ၇၀ ကျော်ခဲ့ ပြီ။ ဒါပေမဲ့ NUG/MOD က ကျနော်တို့ကို လက်နက်တပ်ဆင်ပေးတာတို့ ကျည်ဆန် ပံ့ပိုးပေးတာတို့မရှိသေးဘူးဗျ။ အဓိက အခက်ခဲကတော့ ကျည်ဆန်ကုန်တဲ့ အခက်အခဲပဲ။စ ခန်းတွေမကြာခဏ လက်လွှက်လိုက်ရတာလည်း လက်နက်အင်အားမပြည့်စုံလို့ ကျည်ဆန်မလုံလောက်လို့ စွန့်လွှတ်ခဲ့ရတာ။”

NUG ကာကွယ်ရေးဌာနကို လက်နက်ခဲယမ်းဖြည့်ဆည်းပေးဖို့ အကူအညီတောင်းထားပေမဲ့ ယနေ့အချိန်ထိ ဖြည့်ဆည်းပေးတာမရှိသေးကြောင်းနဲ့ ပြည်တွင်းပြည်ပအလှူရှင်တွေအနေနဲ့ လက်နက်ခဲယမ်းဖြည့်တင်းနိုင်ဖို့ ကူညီပံ့ပိုးပေးကြဖို့ကိုလည်း  CDF-ကန်ပက်လက်က အကူညီ တောင်းခံထားပါတယ်။

ကန်ပက်လက်မြို့နယ်မှာ ဇွန် ၁၀ ရက် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးမဟာမိတ်တပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ စစ်ကောင်စီဘက်က ၁၅ ယောက်ထက်မနည်းသေဆုံးပြီး ၃၀ လောက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီတိုက်ပွဲကိုCDF-ကန်ပက်လက် ၊ PDF-ဆော တပ်ရင်း(၂)YRPA၊ The Youth Force နဲ့ ညောင်းရမ်း-PDFတို့ ညီနောင်မဟာမိတ် တပ်ဖွဲ့ ၄ ဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားသေဆုံးတဲ့ အခြေအနေကို သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရ သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024