Home
မြန်မာသတင်း
မန္တလေးတွင် ဒုစရိုက်ဂိုဏ်းဖွဲ့ ခိုးဆိုးလုနှိုက်မှု များပြားလာ
DVB
·
June 11, 2022

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့ပေါ်မှာ ခိုးဆိုးလုနှိုက်၊ လုယက်မှုတွေ၊ ရန်ပြုမှုတွေကို ဂိုဏ်းဆန်ဆန် လုပ်ကိုင်လာကြတာကို တွေ့ကြုံနေရတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

မြို့ပေါ်ရပ်ကွက်ကြီးတွေထက် စက်မှု၊ မြို့သစ်ဘက်နဲ့အသွားအလာ နည်းပါးတဲ့နေရာတွေမှာ လုယက်ရန်ပြုမှုတွေ များလာတာလို့ သိရပါတယ်။

မန္တလေးမြို့ခံ တစ်ဦးက"အရင်တုန်းကကျတော့ အဖွဲ့သေးသေးလေးတွေ လုပ်ရာကနေပြီးတော့ အခုဟာက ဂိုဏ်းဖွဲ့ပြီးတော့ ပုံစံမျိုးထိကို အဲ့လိုပုံစံမျိုးထိ  ကြားလာရတယ်၊ မြင်လာရတာပေါ့နော်၊ ဥပမာ လူနှစ်ယောက်က ဆိုင်ကယ်ကို လူတစ်ယောက်ကိုတွန်းလှဲတယ် လုသွားတယ်၊ ဒါမှမဟုတ်ရင်လည်း ပစ္စည်း လုပြေးတယ်ပေါ့၊ လွတ်အောင်ပြေးလိုက်တယ်ပေါ့။ အခုဟာက အဲ့လိုမျိုးတင်မဟုတ်တော့ဘဲနဲ့ လွတ်အောင်ပြေးတယ်။ နောက်ကလိုက်တဲ့သူရှိရင် ဟန့်တားမယ့် သုံးလေးယောက်လောက်က ဓားတွေနဲ့၊ ဆိုင်ကယ် သုံးလေးစီးလောက်ပေါ့နော်။  လူလေးငါးယောက်လောက်က ဓားတွေနဲ့ မဆိုင်ရင် မလာနဲ့တို့ ဘာတို့ ဒါမျိုးတွေ အဲ့လိုမျိုး လုပ်တဲ့အပိုင်းဆိုတော့ လုတဲ့ယက်တဲ့လူတွေက သာမန်လုတာ ယက်တာမျိုး၊ ဟိုအရင်တုန်းကပေါ့နော်၊ လုပ်တယ်ဆိုတဲ့ ပုံစံထက်စာရင် ဂိုဏ်းဆန်ဆန်၊ အဖွဲ့ဆန်ဆန်မျိုး လုပ်တာမျိုးတွေ ဖြစ်လာတယ်။ ဘယ်လိုခေါ်မလဲ ပိုပြီးကြီးထွားလာတာပေါ့နော်၊ပိုပြီးတော့လည်း အတင့်ရဲလာတာပေါ့” လို့ ပြောပါတယ်။

ဒါ့အပြင် နေအိမ်သော့တွေကို ဖျက်ဆီးခိုးယူတာတွေ၊ ခြံဝင်းတံခါးကို ဖျက်စီးတာတွေ၊ ဆိုင်ကယ်နဲ့ သုံးဘီး၊ ကားအထိခိုးယူတာတွေ၊ လမ်းဘေးမြောင်းအဖုံး သံပြားကအစ ခိုးယူတာ၊ လမ်းမီးတိုင်နဲ့ မီးကြိုးတွေကို ဖြတ်တောက်ယူငင်တာတွေကို ဒေသခံတွေ နေ့စဉ် ကြုံတွေ့လာနေရပါတယ်။

မန္တလေးမှာ လျှပ်စစ်မီး ပြတ်တောက်ချိန်များတာကြောင့် မီးစက်တွေကို အသုံးပြုနေရပြီး အဆိုပါ မီးစက်တွေကိုလည်း ကရိန်းနဲ့ လာရောက်သယ်ပြီး ခိုးယူကြတယ်လို့လည်း သိရပါတယ်။ 

ဒါ့အပြင် တက္ကစီ၊ ကား၊ ဆိုင်ကယ်၊ မီနီအိုးဝေသမားတွေအနေနဲ့လည်း သတိထားသွားလာနေရပြီး ပိုက်ဆံရော၊ ယာဉ်ရော လုယက်ခံနေရတာ၊ ဓားပြတိုက်ဖို့အထိ ကြိုးစားလာကြတာတွေအထိ ရှိနေတယ်လို့ ဆိုပါတယ်။

ခိုးယူ၊လုယက်မှုတချို့ရဲ့ နောက်ကွယ်မှာ အာဏာပိုင်တချို့ရှိနိုင်သလို ဒုစရိုက်မှု ကျူးလွန်တာကြောင့် ဖမ်းဆီးမိတဲ့ ပြစ်မှုကျူးလွန်သူတရားခံတွေကိုလည်း ရဲတွေက ပြန်လွှတ်ပေးလိုက်တာတွေရှိတယ်လို့လည်း မြို့ခံ‌တချို့က ပြောပါတယ်။

မန္တလးမြို့ခံ တစ်ဦးက"လုယက်မှုတွေနဲ့ ပတ်သက်ပြီးတော့ဆိုရင်တော့ တာဝန်အရှိဆုံးကတော့ လုံခြုံရေး တာဝန်ယူထားတဲ့သူတွေမှာ သူတို့မှာ တာဝန်အရှိဆုံးပေါ့၊သူတို့ တာဝန်မဲ့လို့ ဒီလိုဖြစ်လာတာပေါ့၊ဒီထက်ပိုဆိုးတာက သူတို့က သာမန်တာဝန်မဲ့တယ်ဆိုတာထက်ကို ခုနောက်ပိုင်းမှာ သူတို့ကိုယ်တိုင်ကိုက မသိမသာမျိုးပေါ့နော်၊ ဒီ လူတွေဆီက ရဲဆိုလည်း လိုင်းကြေးယူပြီးတော့ လုပ်ထားသလားပေါ့။ ဥပမာ သူခိုးမိလို့၊ လုတာ မိလို့ ရဲလက်အပ်လိုက်လည်း ရဲက လူတွေရှေ့မှာသာ ဖမ်းသွားပြီးတော့ စခန်းမရောက်ခင် ပြန်လွှတ်ခဲ့တာမျိုးဆိုတာတွေ ကလည်း မြို့သစ်တို့ ဘာတို့ဘက်တွေမှာ ခဏ၊ ခဏ ကြားနေရတာကိုး၊ပြည်ကြီးတံခွန်တို့ စက်မှုတို့ ဘာတို့ဘက်တွေမှာ ကြားနေရတာ၊ ဟိုတစ်နေ့က စက်မှုဘက်ရောက်တဲ့အခါမှာဆို မထူးတော့ဘူး အခုဟာက၊ လုတာယက်တာ ခိုးတာဝှက်တာ မိရင်လည်း ရဲလည်း မခေါ်တော့ဘူး၊ဓာတ်တိုင်မှာ ကြိုးနဲ့တုပ်ထားပြီးတော့ ရိုက်ချင်တဲ့ကောင်ရိုက်သွားဆိုတဲ့ဟာမျိုး ၊ပုံစံမျိုးလောက်ထိကို လူတွေကလည်း ပြန်တုန့်ပြန်ဖို့ ကြိုးစားလာကြတာ" လို့ ပြောပါတယ်။

အခုလို ဒုစရိုက်မှု ကျူးလွန်တာတွေ ပိုမိုများပြားလာတဲ့အတွက် ပြည်သူတွေအနေနဲ့ အပြင်မှာ သွားလာရာမှာ အရင်ထက်ပိုသတိထားနေရသလို မှောင်ရီပျိုးချိန်နောက်ပိုင်းသွားလာရင်လည်း အဖော်နဲ့သွားလာနေရတယ်လို့မြို့ခံတွေက ပြောပါတယ်။

ညအချိန် လုယက်မှုတွေ ဖြစ်လာနေတာကြောင့် ရပ်ကွက်တွေအတွင်း စည်းစည်းလုံးလုံးနဲ့နေကြဖို့လိုအပ်သလို လုယက်တာတွေဖြစ်လာပါက အိမ်နီးနားချင်းတွေ ကလည်း ဝိုင်းဝန်းကူညီပေးကြဖို့လိုအပ်တယ်လို့ မြို့ခံတစ်ဦးက အကြံပြုထားပါတယ်။

မန္တလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးအကြောင်းပြပြီး ယာဉ်တွေနဲ့ လှည့်လည်သွားလာစစ်ဆေးနေသလို ကင်း‌တွေချပြီး စောင့်ကြပ်နေတဲ့ကြားက ဒီလို ဒုစရိုက်မှုတွေကို ရဲတင်းစွာ ကျူးလွန်လာကြတာလို့လည်း သိရပါတယ်။

မန္တလေး မြို့ပေါ်မှာတော့ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ည မထွက်ရ အမိန့်ကို ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024