
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ နယ်မြေရဲစခန်းကို ဇွန် ၁၀ ရက် ည ၉ နာရီလောက်မှာ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အား KRF ကပြောပါတယ်။
အဲဒီကင်မွန်းချောင်းနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF ၊ ကျိုက်ထိုပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊လက်နယ်ငယ်တွေနဲ့ သွားရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း နှစ်ဖက် အပြန်အလှန် မိနစ် ၂၀ နီးပါးအကြာ ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့သလို ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်ဂိတ်မှာ လုံခြုံရေး ယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာပါ။
ရဲစခန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့တဲ့ မြေပြင် အခြေအနေ အသေးစိတ်ကို ဆက်လက် စုံစမ်းနေတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ကင်မွန်းချောင်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇွန် ၁၁ ရက် မနက်ပိုင်းကစပြီး ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်နေသလို ရဲစခန်းထဲမှာလည်း ဘန်ကာတွေ တိုးချဲ့ တည်ဆောက်လာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ကင်မွန်းချောင်းနယ်မြေရဲစခန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မကြာခဏဆိုသလို ပစ်ခတ် တိုက်ခိုက်ခံနေရတဲ့ ရဲစခန်းတစ်ခုလည်း ဖြစ်ပါတယ်။