
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ တောင်ပလူရွာနဲ့ ရေစကြိုမြို့နယ်ရှိ သစ်ကြီးတောရွာကို ဇွန်လ ၁၀ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဝင်ရောက်မီးရှို့ ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တောင်ပလူရွာ ဒေသခံတစ်ယောက်က “ပခုက္ကူမြို့နယ် တောင်ပလူရွာကို စစ်(...) နဲ့ ပျူ(...)တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဝင်ရောက်ပြီး ညနေ ၃ နာရီကျော်လောက်မှာ မီးရှို့ဖျက်ဆီးနေကြတယ်။ တောင်ပလူရွာမှာ အိမ်ခြေ ၄၈၀ ကျော်ရှိပြီး စစ်(...)တွေဝင်လာကတည်းက ဒေသခံပြည်သူတွေအားလုံး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အသက်လုပြီး ဘေးလွတ်ရာ တောထဲတွေကို ထွက်ပြေးခဲ့ရတယ်။ ရွာဘက်ကနေ မီးခိုးလုံးတွေ မီးတောက်တွေ တက်လာတာကို အဝေးကနေ လှမ်းမြင်နေရတယ်။ အိမ်တစ်ဆောင်ဖြစ်မြောက်ဖို့ ကျနော်တို့မှာ သူများနိုင်ငံမှာ ၁၀ နှစ် ၁၀ မိုးလောက် ကျွန်ခံပြီး တည်ဆောက်ထားရတာဗျ။ ဖက်ဆစ်ထက်ဆိုးတဲ့ စစ်(...)တွေရဲ့ ယုတ်မာမှုကတော့ ကမ်းကုန်နေပါပြီ။ စစ်(...)တွေ ရွာထဲမှာ ရှိနေသေးတော့ ဘယ်သူမှ မီးသွားမငြှိမ်းရဲကြဘူး။ အိမ်ခြေ ဘယ်လောက် မီးလောင်တယ်ဆိုတာကိုတော့ မသိရသေးဘူး ”လို့ DVB ကို ပြောပါတယ်။
လက်ရှိအချိန်မှာ တောထဲတွေမှာ အမိုးအကာမရှိဘဲ ဖြစ်သလို နေနေကြရတယ်။ စားနပ်ရိက္ခာတွေလည်း ပါမလာကြတာကြောင့် ရှိတာလေးနဲ့ပဲ မျှတစားသောက်နေကြရပြီး အစားအသောက်တွေနဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေ အရေးပေါ် အကူညီလိုအပ်နေတယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ်မှာလည်း စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့ ညနေပိုင်းမှာ အိမ်ခြေ ၁၀၀၀ လောက်ရှိတဲ့ သစ်ကြီးတောရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေကြတယ်လို့ သစ်ကြီးတောရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။
“မီးခိုးတွေ မီးတောက်တွေပဲ အဝေးက မြင်နေရတာ ညနေ ၅ နာရီကျော်လောက်အထိ မီးလောင်နေတုန်းပဲ။ မီးလည်းသွားမငြှိမ်းရဲသလို ရွာနားကိုလည်း မကပ်ရဲကလို့ အိမ်ခြေ ဘယ်လောက် မီးလောင်ခဲ့တယ်ဆိုတာတော့ မသိရသေးဘူ။ ရွာသူရွာသားတွေကတော့ ဘေးလွတ်တဲ့နေရာတွေကို ထွက်ပြေးနေကြရတယ်။”
အနောက်မြောက်စစ်ဒေသ ဖြစ်တဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ မေလအထိ ဘာသာရေးအဆောက်အအုံတွေ၊ အရပ်သားပိုင်ပစ္စည်းတွေ အပါအဝင် အနည်းဆုံး အိမ်ခြေ ၈,၈၉၀ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ UN OCHA Myanmar က ထုတ်ပြန်ထားပါတယ်။