Home
မြန်မာသတင်း
စစ်ခေါင်းဆောင်၏နေအိမ် ရာခိုင်နှုန်း ၇၀ ကျော် ရှယ်ယာရောင်းချထားဟု NUG ပြော
DVB
·
June 10, 2022

အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အင်းယားလမ်း နေအိမ်ကို NUG အစိုးရက  ရောင်းချနေရာမှာ လတ်တလောအချိန်ထိ အမေရိကန်ဒေါ်လာ ၇ သန်းဖိုး၊ ၇၀ ရာခိုင်နှုန်းကျော်ထိ ရှယ်ယာရောင်းချထားရပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ ရန်ကုန်မြို့၊ အင်းယားလမ်းက နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ရှိပေမဲ့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၁၀ သန်း တန်ဖိုးဖြတ်ပြီး NUG က ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ပြီး အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချနေတာပါ။

ဒါဟာ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်ရဲ့ ကနဦးခြေလှမ်း ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။

“မင်းအောင်လှိုင် မတရားရယူ ပိုင်ဆိုင်ထားတဲ့ ရန်ကုန်မြို့ အင်းလျားလမ်း ခြံအမှတ် ၁၄  ကို EOD ရှယ်ယာများအဖြစ် ရောင်းချလာခဲ့တာ အခုဆို ၇၀ ရာခိုင်နှုန်းကျော် ရောင်းချပြီးသွားပြီဖြစ်လို့ မကြာခင် အားလုံးရောင်းချပြီးတော့မှာ ဖြစ်ပါတယ်။ စျေးကွက်ပေါက်စျေးအတိုင်း ရှယ်ယာတသိန်းသာ သတ်မှတ်ရောင်းချသွားမှာ ဖြစ်တာကြောင့်  ရှယ်ယာတသိန်းကုန်တာနဲ့ အင်းလျားလမ်း ခြံအမှတ် ၁၄  ရှယ်ယာများ ရောင်းချခြင်းကို လုံးဝ ရပ်ဆိုင်းလိုက်မှာ ဖြစ်ပါတယ်” လို့ The End of Dictatorship-EOD က ပြောပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရားပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့အတူ EOD ရှယ်ယာတွေ ဝယ်ယူပြီး တော်လှန်ရေးရဲ့ အရေးအကြီးဆုံး ရန်ပုံငွေတွေကို ဖြည့်ဆည်းပေးသူတွေ၊ နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေအားလုံးကို ဦးညွှတ်အလေးပြုကြောင်းနဲ့ နောက်ဆုံးအချိန်အထိ ပြင်းထန်တဲ့ ဇွဲစိတ်ဓာတ်နဲ့အတူ အာဏာရှင်ကို အမြစ်ဖြတ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရကို ကူညီအားဖြည့်ကြဖို့လည်း အလေးအနက် တိုက်တွန်းနှိုးဆော်ထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ ခြံအမှတ် ၁၄ က မြေနဲ့အဆောက်အအုံကို ကြိုတင်ရောင်းချနိုင်ရေး ပြည်သူ့ဆန္ဒကောက်ယူတဲ့ စစ်တမ်းတခုကို ဒီမတိုင်ခင်က ပြုလုပ်ခဲ့ပြီး စစ်တမ်းကောက်တဲ့ ၆ ရက်တာကာလအတွင်း စုစုပေါင်းဆန္ဒပြုသူ ၁၈,၀၀၀ ကျော်ရဲ့ ၉၇ ရာခိုင်နှုန်းကျော်က ဝယ်ယူမယ်လို့ ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူဖို့ အဆိုပြုပမာဏ စုစုပေါင်းက ငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) လောက် ရှိပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024