Live
Home
မြန်မာသတင်း
မြန်မာ့အရေး ပြည်တွင်းရေးသာဖြစ်ဟု စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက ကမ္ဘောဒီးယား ဒုဝန်ကြီးကို တွေ့ဆုံပြောကြား
DVB
·
June 9, 2022

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေဟာ  နိုင်ငံရဲ့ ပြည်တွင်းရေးသာဖြစ်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာကိစ္စရပ်အဖြစ် ပုံဖော်မှုမပြုသင့်ဘူးလို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားလိုက်ပါတယ်။ 

နေပြည်တော်မှာ ရောက်ရှိနေတဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ခွန်ဖုတ်  ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့  ဇွန်လ ၉ ရက်က ဒီကနေ့တွေ့ဆုံရာမှာပြောဆိုခဲ့တာလို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။ 

စစ်ကောင်စီဝန်ကြီးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေပြီး ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းနေကြောင်း၊ အာဆီယံဘုံသဘောတူညီချက် (၅) ချက်အကောင် အထည်ဖော်ဆောင်ရေး သိသာ ထင်ရှားတဲ့ ဖြစ်ပေါ်တိုးတက်မှုများရှိပါကြောင်းနဲ့ သဘောတူညီချက်တွေ အကောင်အထည်ဖော်ရာမှာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေ၊ နည်းဥပဒေနဲ့အညီ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယား ဒုဝန်ကြီးကလည်း မြန်မာနိုင်ငံအရေးကိစ္စ အပြုသဘောဆောင်ဆွေးနွေးညှိနှိုင်းသင့်ပြီး ဖယ်ကြဉ်ထားခြင်းကို မပြုလုပ်သင့်လို့ ကမ္ဘောဒီးယားနိုင်ငံက ယူဆပါကြောင်း၊ အာဆီယံဘုံသဘောတူညီချက်ရဲ့ စတုတ္ထအချက်ဖြစ်တဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စ အကောင်အထည်ဖော်ရေး တိုးတက်မှုတွေ ကျေနပ်အားရပါကြောင်း၊ ကျန်အချက်တွေကို  အပြန်အလှန်သဘောတူညီပြီး အဆင်ပြေမယ့် နည်းလမ်းနဲ့  အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ပြောတယ်လို့ဆိုပါတယ်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဒုဝန်ကြီး ဒေါက်တာ ခွန်ဖုတ်ဟာ နေပြည်တော်မှာ စစ်ကောင်စီခန့် ဝန်ကြီးတွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊  လူကယ်ပြန်ဝန်ကြီး ‌ဒေါက်တာသက်သက်ခိုင်၊  နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ကျန်မာရေး ဒုဝန်ကြီး ဒေါက်တာ အေးထွန်းစသူတွေနဲ့လည်း သီးခြား တွေ့ဆုံပြီး လူသားချင်းစာနာမှု အကူအညီတွေပေးရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

အာဆီယံ ဘုံ သဘောတူညီမှုထဲမှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေရှာဖို့ သက်ဆိုင်ရာ အင်အားစုအားလုံးအကြား အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးရေး၊ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့အကူအညီနဲ့ အာဆီယံဥက္ကဋ္ဌရဲ့အထူးသံတမန်က ကြားဝင်ဖျန်ဖြေပေးရေး၊ အာဆီယံရဲ့ AHA Centre မှ လူသားချင်းစာနာမှုအကူအညီနဲ့ သက်ဆိုင်ရာ ကဏ္ဍအသီးသီးနဲ့တွေ့ဆုံဖို့ မြန်မာနိုင်ငံကို အာဆီယံအထူးသံတမန်နဲ့ ကိုယ်စားလှယ်အဖွဲ့ လာရောက်ရေးတို့ကို အာဆီယံခေါင်းဆောင်တွေက တောင်းဆိုထားတာဖြစ်ပြီး တနှစ်ခွဲလောက်  မြန်မာစစ်ကောင်စီက တခုမှ လိုက်နာ လုပ်ဆောင်တာ မရှိသေးပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာ ပရတ်ဆာခွန်းက တော့ မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ကြိုးပမ်းနေပေမဲ့ စစ်ကောင်စီက ခွင့်မပြုသေးပါဘူး။

Photo- MOI

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024