Home
မြန်မာသတင်း
စစ်တွေမြို့ရှိ ကမန်တိုင်းရင်းသား ကျောင်းသူကျောင်းသားများ ကျောင်းအပ်ခွင့်မရသေး
DVB
·
June 8, 2022

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ကမန်တိုင်းရင်းသား အထက်တန်း ကျောင်းသူ ကျောင်းသား ၄၆ ယောက်ဟာ ဇွန် ၈ ရက်အထိ ကျောင်းမအပ်နှံနိုင်ကြသေးဘူးလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

ကျောင်းသားမိဘတဦးက “ဒီနေ့အထိ ကျောင်းအပ်လို့ မရကြသေးပါဘူး။ ပညာရေးဌာနကတော့ သက္ကယ်ပြင် အထက်တန်းကျောင်းမှာ ကျောင်းအပ်နှံကြဖို့ ညွှန်ကြားပါတယ်။ ကလေးတွေက အဲဒီ သက္ကယ်ပြင်ကျောင်းက ခရီးဝေးတယ်၊ နောက်ပြီး သဟဇာတ မဖြစ်နိုင်တာတွေကြောင့် ဒီနေ့အထိ ကျောင်းမအပ်နိုင်ကြသေးဘူး”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဇွန် ၄ ရက်အထိ အခြေခံပညာစာသင်ကျောင်း ၃,၀၀၀ ကျော် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ၄ သိန်းကျော် ကျောင်းအပ်နှံထားပြီဖြစ်ပေမဲ့ စစ်တွေမြို့နယ်ရှိ ကမန်တိုင်းရင်းသား အထက်တန်းကျောင်းသား ကျောင်းသူတွေကတော့ ကျောင်းအပ်ခွင့်မရဘဲ ဖြစ်နေကြပါတာ။

စစ်တွေမြို့နယ်ရှိ ရွာမ၊ သင်္ဂနက်၊ သာယာကုန်း စတဲ့ ကမန်ကျေးရွာတွေက အထက်တန်းကျောင်းသူကျောင်းသား ၄၆ ဦးမှာ စစ်တွေတပ်နယ်မြေ ခလရ ၂၀ အနီးရှိ အ.ထ.က(၆) ကျောင်းမှာ ကျောင်းအပ်နှံဖို့ ဇွန် ၂ ရက်က သွားရောက်ခဲ့ပေမဲ့ လက်မခံတာကြောင့် မြို့နယ်၊ ခရိုင် ပညာရေးမှူးတွေကတဆင့် ပြည်နယ်ပညာရေးမှူးအထိ တင်ပြခဲ့ကြတာလို့ မိဘတွေက ပြောပါတယ်။

“ဇွန်လ ၂ ရက်နေ့မှာ ကျောင်းသွားအပ်ကြတယ်။ အလယ်တန်းအတွက် တွဲထားတဲ့ အ.လ.က(၉) ထောက်လှမ်းရေးကျောင်းမှာ ကျောင်းအပ်နှံလို့ ရကြတယ်။ အထက်တန်းအတွက် တွဲထားတဲ့ အ.ထ.က (၆) စစ်တပ်နယ်မြေကျောင်းမှာကျတော့ ကျောင်းအပ်နှံတာ လက်မခံကြဘူး” လို့ အဆိုပါကျောင်းသားမိဘက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် လူမျိုးရေးပဋိပက္ခတွေ ​ဖြစ်ပြီးနောက် ရွာမ၊ သင်္ဂနက်၊ သာယာကုန်း စတဲ့ ကမန်ကျေးရွာ ၃ ရွာပေါင်းပြီး သီးခြားတည်ဆောက်ပေးထားတဲ့ သာယာကုန်း တွဲဘက်အထက်တန်းကျောင်းမှာ ပညာရေးဝန်ကြီးဌာနက တရားဝင်ခန့်ထားတဲ့ ဆရာ၊ ဆရာမတွေ မရှိတာကြောင့် ကျေးရွာတွေက ကမန်လူမျိုး ပညာတတ်တွေကို  စေတနာ့ဝန်ထမ်း ဆရာတွေအဖြစ် ခန့်ပြီး ပညာသင်ယူခဲ့ကြရတာပါ။

အခု ၂၀၂၂ ပညာသင်နှစ်မှာတော့ အဲဒီကျောင်းက စေတနာ့ဝန်ထမ်း ဆရာ ဆရာမတွေကို ပညာရေးဌာနက အလုပ်ဖြုတ်လိုက်ပါတယ်။ ဒါကြောင့် အလယ်တန်းကျောင်းသူ ကျောင်းသား ၇၄ ယောက် အ.လ.က (၉) မှာ ကျောင်းအပ်နှံလို့ ရခဲ့ပေမဲ့ အထက်တန်းကျောင်းသူ ကျောင်းသား ၄၆ ဦးကတော့ အ.ထ.က (၆) မှာ ကျောင်းအပ်နှံခွင့်မရ ဖြစ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024