ရုရှားတပ်ဖွဲ့တွေ ခရိုင်းမီးယားက ယူကရိန်းလေတပ်စခန်း သိမ်းပိုက်

969
ခရိုင်းမီးယားကို သိမ်းပိုက်ထားတဲ့ ရုရှားတပ်ဖွဲ့တွေဟာ မတ်လ ၂၂ ရက်နေ့က ခရိုင်းမီးယားက ယူကရိန်းလေတပ်စခန်းကို တင့်ကားတွေနဲ့ ၀င်ရောက်သိမ်းပိုက်ခဲ့ကြပြီး လေတပ်စခန်းမှူးကို ထိန်းသိမ်းထားလိုက်ပါတယ်။
ယူကရိန်းစစ်မှုထမ်းတဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဘယ်ဘတ် လေတပ်အခြေစိုက်စခန်းကို ရုရှားတပ်တွေ သိမ်းပိုက်လိုက်တာဟာ ယူကရိန်းအခြေစိုက်စခန်းတွေကို ရုရှားတပ်တွေ နောက်ဆုံးသိမ်းပိုက်ရရှိတာလည်းဖြစ်ပါတယ်။
ရုရှားတင့်ကားတစီး လေတပ်စခန်း အုတ်တံတိုင်းကို ဖျက်ဆီးဝင်ရောက်သွားပြီး သေနတ် ပစ်ခတ်မှုတွေ၊ လက်ပစ်ဗုံး ပစ်ခတ်မှုတွေလည်း ရှိခဲ့ပါတယ်။ လေတပ် တပ်ရင်းမှူး ဗိုလ်မှူးကြီး ယုလိုင်း မန်ချက် က သူ့ကို အမည်မသိနေရာတခုကို ဆွေးနွေးဖို့ဆိုပြီး ခေါ်ဆောင်သွားတယ်လို့ ပြောဆိုပါတယ်။
ရုရှားတပ်ဖွဲ့တွေ လေတပ်စခန်းကို မသိမ်းပိုက်ခင် ယူကရိန်းတပ်ဖွဲ့တွေ လက်နက်ချဖို့ ၁ နာရီအချိန်ပေးခဲ့တယ်လို့ ဒုတပ်ရင်းမှူး အိုလက် ပိုဒိုဗယ်လိုဗ် က ပြောဆိုပါတယ်။ ရုရှားတပ်တွေ ခရိုင်မီယာကို သိမ်းပိုက်ရာမှာ ပြီးခဲ့တဲ့တပတ်က ယူကရိန်းစစ်မှုထမ်းတဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ရတာက လွဲလို့ အလွယ်တကူသိမ်းပိုက်ရရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။
ခရိုင်းမီးယားက ယူကရိန်းစစ်အခြေစိုက်စခန်းတွေဟာ ယူကရိန်းစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက မတ် ၂၁ ရက်နေ့က ကြေညာခဲ့ပေမယ့် အခုအချိန်မှာတော့ စစ်အခြေစိုက်စခန်းအများစုဟာ ရုရှားထိန်းချုပ်မှုအောက်ကို ကျရောက်သွားပြီ ဖြစ်ပါတယ်။
